Local News

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်အောက်တိုဘာလအတွင်း ဆန်ကွဲ ၂၄ ပြည်ဝင် အိတ်ရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်အောက်တိုဘာလ တစ်လအတွင်း ဆန်ကွဲ ၂၄ ပြည်ဝင် အိတ်ရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူအောင်က ပြောပြ၍ သိရသည်။ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဆန်ကွဲ ၂၄ ပြည်ဝင်အိတရေ ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ဆန်ကွဲ ၂၄ ပြည်ဝင်အိတ်ရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ ဆန်ကွဲများကို ရန်ကုန်ဈေးကွက်မှဝယ်ယူမှု အားကောင်းလျက်ရှိကြောင်း သိရသည်။ “ဓနုဖြူမြို့နယ်ကနေ ဆန်ကွဲတွေကို ရန်ကုန်ဈေးကွက်ကို အဓိက တင်ပို့ရောင်းချပါတယ်။ ဆန်ကွဲအိတ်တွေကို အောက်တိုဘာလ ပထမပတ်လောက်ကနေ စတင်ပြီး ဝယ်လိုအားက သိသိသာသာကို လိုက်ခဲ့တာပါ။ ပြီးခဲ့တဲ့တစ်လအတွင်း ဆန်ကွဲဝယ်လိုအားတက်ခဲ့ပါတယ်။ ဆန်ကွဲတွေကို ပွဲရုံလုပ်ငန်းရှင်တွေက အဆက်မပြတ် တင်ပို့ရောင်းချနေပါတယ်။ ဓနုဖြူမြို့နယ်ကနေ ဆန်ကွဲတွေကို ကုန်းလမ်းကြောင်းကနေ ကုန်တင်ကား တွေနဲ့ အဓိကတင်ပို့ရောင်းချနေပါတယ်။ အခက်အခဲမရှိ အဆင်ပြေပြေတင်ပို့ရောင်းချနေရလို့ အဆင်ပြေပါတယ်”ဟု ဓနုဖြူမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူအောင်က ပြောပြသည်။ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ဆန်ကွဲ ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၄၉၀၀၀ ဈေးပေါက်နေကြောင်း၊ အဆိုပါဆန်ကွဲများတင်ပို့ရောင်းချအားတက်လာခြင်းကြောင့် ဆန်စပါး ရောင်းဝယ်ရေးကုန်သည်များ၊ ဆန်စပါးရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင်များ၊ ကုန်တင်ကုန်ချ လုပ်သားများ၊ ကုန်တင်ကားအငှားလိုက်သူများ အဆင်ပြေနေကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News