Local News

မိုးနဲမြို့နယ်၌ ဆောင်းသီးနှံနေကြာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

Last Updated:

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင် မိုးနဲမြို့နယ်ရှိ  ကျေးရွာများ၌  စိုက်ပျိုးထားသော  ဆီထွက်သီးနှံဖြစ်သည့် ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေကြာအောင်စေ့များရရှိရန်နှင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း ဝမ်ယေး ကျေးရွာနေ ဆောင်းနေကြာစိုက်ပျိုးသူ ဦးမျိုးအောင်၏ ပြောပြချက်အရ သိရသည်။

မိုးနဲမြို့နယ်၌ ဆီထွက်သီးနှံ ဆောင်းနေကြာကို ယခင်က စိုက်ပျိုးသူနည်းပါးသော်လည်း ယခုအခါ စားသုံးဆီဖူလုံရေးနှင့် မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် စီးပွားဖြစ်စိုက်ပျိုးကြကြောင်း၊  နေကြာကို သီးထပ်၊ သီးညှပ်စိုက်ပျိုးသည့်အပြင် နေကြာတစ်မျိုး တည်းလည်းစိုက်ပျိုးကြကြောင်း၊ ဆောင်းနေကြာကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးကြကြောင်း၊  သက်တမ်းလေးလကြာလျှင် ဆွတ်ခူးနိုင်ကြောင်း၊ ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရေဆင်း-၁  မျိုးနေကြာ မျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးနိုင်ရန် တောင်သူများလက်ဝယ်အရောက်နေကြာမျိုးစေ့များ ဖြန့်ဝေပေးကြောင်းနှင့် ထွက်ရှိလာသည့် နေကြာများကို ကြိတ်စက်များဖြင့် ကြိတ်ကာ မိသားစုစားသုံးရန်အပြင် ပြန်လည်ရောင်းချကြောင်း သိရသည်။

ယခုနှစ်တွင် ဆောင်းနေကြာကို မိုးနဲမြို့နယ်အတွင်းရှိ ဝမ်ဟေကျေးရွာ၊ ဝမ်ယေးကျေးရွာ၊ ပန်အူကျေးရွာ၊ နားခံကျေးရွာနှင့် ဆိုက်ဖယ်ကျေးရွာတို့၌ အများဆုံးစိုက်ပျိုးကြကာ ဆောင်းနေကြာ ၄၃  ဧကကျော်  စိုက်ပျိုးထားရှိပြီး  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှလည်း နည်းပညာနှင့် သွင်းအားစုများကို ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News