Local News

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း ငါးခေါင်းပွ ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ငါးခေါင်းပွပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်မြင့်မြင့်အေးက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ငါးခေါင်းပွပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း ငါးခေါင်းပွပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းများသည် ငါးခေါင်းပွများအပါအဝင် ဒေသရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ “ဘိုကလေးမြို့နယ်ဘက်ကနေ ငါးခေါင်းပွတွေကို ရန်ကုန်ဈေးကွက်ကို အများဆုံးတင်ပို့ရောင်းချနေတာပါ။ ပြီးခဲ့တဲ့ တစ်လအတွင်းမှာ ငါးခေါင်းပွတွေ တင်ပို့အားထပ်ကောင်းလာပါတယ်။ ပြည်တွင်းမှာကို ငါးခေါင်းပွက ဝယ်လိုအားများနေလို့ ဈေးကောင်းရရှိနေတာပါ။ လက်ရှိ ငါးခေါင်းပွတွေဝယ်လိုအား ကောင်းလာသလို ဈေးလဲမြောက်လာပါတယ်။ ဒါ့ကြောင့် ငါးလုပ်ငန်းရဲ့နယ်ပယ်အသီးသီးကသူတွေ အဆင်ပြေနေပါတယ်” ဟု ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်မြင့်မြင့်အေးက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ထွက်ရှိသည့် ငါးခေါင်းပွများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ငါးခေါင်းပွတစ်ပိဿာလျှင် ငွေကျပ် ၁၂၅၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါ ငါးများနေ့စဉ်တင်ပို့ရောင်းချလာရသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကောင်းမွန်လာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News