International News

၁၅ နှစ်အတွင်း ဝါဂွမ်းအထွက် အနိမ့်ဆုံးဖြစ်မည်ဟု အိန္ဒိယဝါဂွမ်းအသင်းက ခန့်မှန်း

Last Updated:

အိန္ဒိယနိုင်ငံဝါဂွမ်းအသင်းက ၂ဝ၂၃-၂၄ ခုနှစ် သီးနှံရာသီအတွက် ပထမအကြိမ် ခန့်မှန်းချက် ထုတ်ပြန်ရာတွင် အိန္ဒိယနိုင်ငံ၏ ဝါဂွမ်းအထွက်ပမာဏမှာ ၁၇ဝ ကီလိုဂရမ်ဝင် ဘေထုပ်ရေ ၂၉၅.၁ဝ သိန်းခန့်သာရှိပြီး ၁၅ နှစ်အတွင်း ဝါဂွမ်းအထွက် အနိမ့်ဆုံးဖြစ်မည်ဟု ပြောကြားခဲ့ပါသည်။ ယခင်နှစ်၌ ဝါဂွမ်းအထုပ်ရေ ၃၁၈.၉ဝ သိန်းထွက်ရှိခဲ့သဖြင့် ယခုနှစ်တွင် ၇.၅% ကျဆင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံဝါဂွမ်းအသင်း ဥက္ကဌဖြစ်သူ Atul Ganatra က အယ်လ်နီညိုရာသီဥတု၏ အကျိုး သက်ရောက်မှုနှင့်အတူ ဝါဂွမ်းစိုက်ဧရိယာ ၅.၅% လျော့နည်းခဲ့မှုတို့ကြောင့် ယခုနှစ် ဝါဂွမ်းအထွက်မှာ ၂ဝဝ၈-၂၀ဝ၉ ခုနှစ် နောက်ပိုင်း အနိမ့်ဆုံးထွက်ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ရာသီဥတု ကောင်းမွန်ခြင်းမရှိသဖြင့် အိန္ဒိယနိုင်ငံရှိ ဝါဂွမ်းစိုက်ပျိုးသည့် ပြည်နယ်များတွင် ဝါဂွမ်းထွက်ရှိမှုသည် ၅% မှ ၂ဝ% ကြား ကျဆင်းဖွယ်ရှိကြောင်း ဝါဂွမ်းအသင်းက ခန့်မှန်းလျက်ရှိသည်။

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ ပထမအကြိမ် ကြိုတင်ခန့်မှန်းချက်တွင် ယခင်နှစ် ဝါဂွမ်းထွက်ရှိမှု  ၁၇၀ ကီလိုဂရမ်ဝင် အထုပ်ရေပေါင်း ၃၃၆.၆ သိန်း အောက် လျော့နည်းလျက် ၂ဝ၂၃-၂၄ ခုနှစ်၌ ဝါဂွမ်းဘေထုပ် ၃၁၆.၆ သိန်း ထွက်ရှိနိုင်မည်ဟု ဖော်ပြခဲ့ပါသည်။ ယခင်နှစ်၌ ဝါဂွမ်းဘေထုပ်ပေါင်း ၁၂.၅ဝ သိန်း တင်သွင်းခဲ့ရာမှ ယခုနှစ်တွင် ဘေထုပ် ၂၂ သိန်းအထိ တင်သွင်းရဖွယ်ရှိကြောင်း၊ ၂ဝ၂၃-၂၄ ခုနှစ် ရာသီကာလအတွက် စာရင်းဖွင့် ဝါဂွမ်း ဘေထုပ် ၂၈.၉၀ သိန်း၊ စိုက်ပျိုးထွက်ရှိမှု ဘေထုပ် ၂၉၅.၁၀ သိန်းနှင့် တင်သွင်းမှုပမာဏတို့ အပါ အဝင် ဈေးကွက်အတွင်း ဝါဂွမ်းဘေထုပ်ပေါင်း ၃၄၆ သိန်း ရရှိနိုင်မည်ဖြစ်ပြီး ယခင်နှစ် ဝါဂွမ်း ထုပ်ရေရရှိနိုင်မှု ၃၅၅.၄ဝ သိန်းအောက် လျော့နည်းမည်ဖြစ်ကြောင်း၊ ၂ဝ၂၃-၂၄ ရာသီကာလ အတွင်း ချည်မျှင်စက်ရုံများ၌ ဘေထုပ် ၂၈ဝ သိန်း၊ အသေးစားစက်မှု လုပ်ငန်းများတွင် ဘေထုပ် ၁၅ သိန်းနှင့် စက်ရုံမဟုတ်သော အခြားသုံးစွဲမှု ဘေထုပ် ၁၆ သိန်းဖြင့် ပြည်တွင်း ဝါဂွမ်းဝယ်လိုအားမှာ  ဘေထုပ် ၃၁၁ သိန်းခန့် ရှိနိုင်ကြောင်း အိန္ဒိယဝါဂွမ်းအသင်းက ခန့်မှန်းထားသည်။

၂ဝ၂၃-၂၄ ရာသီကာလအတွင်း ဝါဂွမ်းပိုလျှံမှုမှာ ဘေထုပ် ၃၅ သိန်းခန့်ရှိမည်ဖြစ်ပြီး ၎င်းအနက် ဘေထုပ် ၁၄ သိန်းခန့်ကို ပြည်ပသို့ တင်ပို့လျက် ရာသီကုန် စာရင်းပိတ်လက်ကျန်မှာ ဝါဂွမ်းဘေထုပ် ၂၁ သိန်းခန့် ရှိနိုင်ကြောင်း အိန္ဒိယဝါဂွမ်းအသင်းက ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်းဇုန်ရှိ ဝါဂွမ်းအဓိကစိုက်ပျိုးထုတ်လုပ်သော ပြည်နယ်များဖြစ်သည့် ရာဂျပ်စတန်၊ ဟာရီယာနာနှင့် ပန်ဂျပ်တို့တွင် ယခင်နှစ်ကနည်းတူ ဝါဂွမ်းထုပ်ရေ ၄၃ သိန်း၊ အလယ်ပိုင်းဇုန်ဖြစ်သော ဂူဂျရတ်၊ မဟာရဋ္ဌနှင့် မဒ္ဒရာပရာဒေ့ရှ်တို့၌ ယခင်နှစ်ထွက်ရှိမှုပမာဏ ဘေထုပ် ၁၉၄.၆၂ သိန်း အောက်လျော့နည်းလျက် ဝါဂွမ်းထုပ်ရေ ၁၇၉.၆ဝ သိန်း၊ တောင်ပိုင်းဇုန်ရှိ တဲလန်ဂါနာ၊ အန္တရာပရာဒေ့ရှ်၊ ကာနာတကာနှင့် တမီနာဒူတို့တွင် ယခင်နှစ်ထွက်ရှိသော ဝါဂွမ်းထုပ်ရေ ၇၄.၈၅ သိန်းအောက် လျော့ကျပြီး ဘေထုပ် ၆၇.၅ဝ သိန်းခန့် အသီးသီး ထွက်ရှိနိုင်ကြောင်း သိရှိရပါသည်။

Source: The Hindu Business Line, 31 Oct 2023

Source: https://www.doca.gov.mm

Category: International News