International News

ပဲစင်းငုံများ လျင်မြန်စွာတင်ပို့နိုင်ရေး ဆောင်ရွက်ပေးရန် အိန္ဒိယမှ မိုဇမ်ဘစ်သို့ တောင်းဆို

Last Updated:

ပြည်တွင်း၌ ပဲပြတ်လပ်မှုကို ပြည်ပမှတင်သွင်းခြင်းဖြင့် ဖြည့်ဆည်းဆောင်ရွက်နေရသည့်   အိန္ဒိယနိုင်ငံသည်  မိုဇမ်ဘစ်နိုင်ငံထံမှ ပဲစင်းငုံများ တင်ပို့မှုနှောင့်နှေးလျက်ရှိသည့်အပေါ် စိုးရိမ်မှု  ရှိကြောင်းဖော်ပြလျက် ၎င်းတို့၏ ဆိပ်ကမ်းများတွင် ပဲစင်းငုံ သင်္ဘောတင်ပို့မှုများကို လျင်မြန်စွာရှင်းလင်းနိုင်ရေး ဆောင်ရွက်ပေးရန် မိုဇမ်ဘစ်နိုင်ငံသို့ တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။အိန္ဒိယနိုင်ငံ စားသုံးသူရေးရာဝန်ကြီးဌာနမှ အတွင်းဝန် Rohit Kumar Singh သည် ၂၇-၁၀-၂၀၂၃ ရက်၊ သောကြာနေ့တွင် မိုဇမ်ဘစ်နိုင်ငံ သံအမတ်ကြီး Ermindo A Pereira နှင့်တွေ့ဆုံခဲ့ရာ၌ ပဲစင်းငုံနှင့်ပတ်သက်သော ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

အိန္ဒိယအစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် မိုဇမ်ဘစ်နိုင်ငံ၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ လုပ်ထုံးလုပ်နည်းဆိုင်ရာ အတားအဆီးများကြောင့် ပဲစင်းငုံများ သင်္ဘောတင်ပို့ရာတွင် နှောင့်နှေးမှု ဖြစ်ပေါ်စေလျက်ရှိသည့်အပေါ် စိုးရိမ်မကင်းဖြစ်ရကြောင်း၊ အိန္ဒိယအစိုးရအနေဖြင့် သွင်းကုန်လုပ်ငန်းများ လွယ်ကူချောမွေ့စေရေးအတွက် လိုအပ်သောမူဝါဒများကို ချမှတ် ဆောင်ရွက်လျက်ရှိရာ မိုဇမ်ဘစ်နိုင်ငံဖက်မှ ပဲစင်းငုံများ သင်္ဘောတင်ပို့မှု ချောမွေ့ရေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ လက်ရှိကာလ၌ မိုဇမ်ဘစ်ဆိပ်ကမ်းတွင် ဆိပ်ကမ်းရှင်းလင်းနိုင်ရေးကို စောင့်ဆိုင်း နေရဆဲဖြစ်ရာ အမြန်ရှင်းလင်းနိုင်ရန် လိုအပ်လျက်ရှိကြောင်း၊ ထို့အပြင် နှစ်နိုင်ငံအကြား ရေးထိုးထားသည့် ပဲစင်းငုံကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာသည် နှစ်နိုင်ငံရှိ ကုန်ထုတ်လုပ်သူများနှင့် စားသုံးသူများအပေါ်ထားရှိသည့် ကတိကဝတ်ကို ဖော်ညွှန်းလျက်ရှိသဖြင့် ၎င်းနားလည်မှု စာချွန်လွှာကို လက်ကိုင်ထားဆောင်ရွက်ရန် လိုအပ်ပါကြောင်းဖြင့် အတွင်းဝန် Rohit Kumar Singh က အလေးပေး ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

မိုဇမ်ဘစ် သံအမတ်ကြီး Ermindo A Pereira က ပဲစင်းငုံကုန်သွယ်မှုနှင့် စပ်လျဉ်းသည့် လက်ရှိပြဿနာများကို ဖြေရှင်းရန်အတွက် လိုအပ်သော စီမံဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး မိုဇမ်ဘစ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပဲစင်းငုံများကို ချောမွေ့စွာ တင်ပို့မှု သေချာခိုင်မာစေရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပြုခဲ့ပါသည်။ မိုဇမ်ဘစ်နိုင်ငံမှ ပဲစင်းငုံများ တင်သွင်းမှု ချောမွေ့ခြင်းသည် ရှေ့လာမည့်လများအတွင်း ပဲစင်းငုံရရှိလွယ်မှုကို တိုးမြှင့်စေပြီး အိန္ဒိယ စားသုံးသူများအတွက် ဝယ်ယူရရှိရန် လွယ်ကူစေမည်ဖြစ်ရာ ယခုတွေ့ဆုံဆွေးနွေးမှုသည် အရေးပါမှုရှိကြောင်း  အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

Source: Economic Times, 27 Oct 2023

Source: https://www.doca.gov.mm

Category: International News