International News

ထိုင်းနိုင်ငံတွင် စပါးဈေးနှုန်း တည်ငြိမ်စေရေးအတွက် ဆောင်ရွက်မည့် အစီအမံများ အဆိုပြု

Last Updated:

ထိုင်းကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ၂၀၂၃-၂၄ ခုနှစ် သီးနှံရိတ်သိမ်းရာသီတွင် စပါးဈေးနှုန်း တည်ငြိမ်စေရေးအတွက် ဘတ်ငွေ ၆၉ ဘီလီယံ ကျခံသုံးစွဲလျက် ဆောင်ရွက်မည့် အစီအမံများကို အမျိုးသား ဆန်စပါးမူဝါဒ ကော်မတီသို့ အဆိုပြုတင်ပြရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ အဆိုပြုထားသော အသုံးစရိတ်သည် ရောင်းလိုအားမြင့်မားသည့် ကာလများအတွင်း စပါးတန်ချိန် ၁၄ သန်းကို ထိန်းသိမ်းရာ၌ သုံးစွဲရန်ရည်ရွယ်ခြင်းဖြစ်သည်။ အဆိုပါ အစီအမံများတွင် စပါးရောင်းချမှုကို ရွှေ့ဆိုင်းထားနိုင်ရန်တွက် ချေးငွေများထုတ်ပေးခြင်း၊ ဆန်စပါးဝယ်ယူ စုဆောင်းခြင်း၊ စပါးများရောင်းချမှုမပြုပဲ သိုလှောင်ထားရခြင်းအတွက် နစ်နာကြေးငွေများ ပေးအပ်ခြင်းနှင့် လယ်သမားများသို့ လယ် ၁ ရိုင် (၀.၃၉၅၄ ဧက) လျှင် ဘတ်ငွေ ၁၀၀၀ နှုန်း ထောက်ပံ့ခြင်းတို့ ပါဝင်သည်။

လာမည့်နိုဝင်ဘာလတွင် စတင်မည့် ဆန်စပါးထုတ်လုပ်မှု လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲနိုင်ရန် ရည်ရွယ်အဆိုပြုထားသော အစီအမံများတွင် စပါးရောင်းချမှုကို ကြန့်ကြာစေခြင်းဖြင့် စပါးတန်ချိန် ၃ သန်းကို ထိန်းသိမ်းနိုင်ရန် ချေးငွေထုတ်ပေးရာတွင် ဘတ်ငွေ ၁၀.၁ ဘီလီယံကို သုံးစွဲမည်ဖြစ်သည်။ ၎င်းပမာဏ၌ တစ်တန်လျှင် ဘတ် ၁၅၀၀ နှုန်းဖြင့် သိုလှောင်ထိန်းသိမ်းမှုဆိုင်ရာ ထောက်ပံ့မှုလည်း ပါဝင်သည်။ လယ်သမားများထံရှိ စပါးကျီများတွင် ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ လာမည့်နှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ကာလအတွင်း စပါးကို ၁ လ မှ ၅ လ ကြာမြင့်သည်အထိ သိုလှောင်ထားရှိမည်ဟု ခန့်မှန်းရသည်။ တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရေးဘဏ်နှင့် စိုက်ပျိုးရေးသမဝါယမအသင်းများထံမှ ချေးငွေရယူရာတွင် ၎င်းတို့၏ စပါးများကို အပေါင်ပစ္စည်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပြု အစီအမံများ၌ စပါးတန်ချိန် ၁ သန်းကို ဝယ်ယူစုဆောင်းခြင်း၊ တန်ဖိုးမြှင့်တင်ခြင်းတို့အတွက် ချေးငွေပေးအပ်ရာတွင် ဘတ်ငွေ ၄၈၁ သန်း သုံးစွဲမည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့ ဝယ် ယူထားရှိသော စပါးများကို သိုလှောင်ထိန်းသိမ်းထားရှိရန် သဘောတူညီမှုပြုသည့် လုပ်ငန်းရှင်များအား အတိုးနှုန်းပေးချေရမှုအတွက် အစိုးရက ထောက်ပံ့ကြေးပေးအပ်မည်ဖြစ်ပြီး စပါးတန်ချိန် ၁၀ သန်းအတွက် ဘတ်ဂျက်မှ ဘတ်ငွေ ၂.၁၂ ဘီလီယံ အသုံးပြုမည်ဖြစ်သည်။ ယခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဝယ်ယူရေးကာလများအတွက် ၂ လမှ ၆ လကြာ သိုလှောင်ထိန်းသိမ်းထားမှုအပေါ် အတိုးနှုန်း ၄% ကို အစိုးရက ထောက်ပံ့ပေးခြင်းဖြစ်သည်။

ထိုင်းအစိုးရသည် လယ်ယာလုပ်ငန်းစီမံခန့်ခွဲမှုနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာစိုက်ပျိုးမှု ၁ ရိုင်လျှင် ဘတ် ၁၀၀၀ နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် စိုက်ပျိုး ဧရိယာ ၂၀ ရိုင်ထက် မပိုပဲ သို့မဟုတ် စုစုပေါင်း ဘတ် ၂၀၀၀၀ အထိ ထောက်ပံ့မည်ဖြစ်သည်။ ဤအစီအမံတွင် အိမ်ထောင်စု ၄.၆၈ သန်းအတွက် ဘတ်ဂျက်ရန်ပုံငွေမှ ဘတ် ၅၆.၃ ဘီလီယံ ကျခံမည်ဖြစ်သည်။

ဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က လယ်သမားများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် ဆွေးနွေးပြီးနောက် အဆိုပါအစီအမံများကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပြု အစီအမံ ၄ ရပ်သည် စပါးဈေးနှုန်း တည်ငြိမ်စေရေးအတွက် အရေးတကြီး ဖော်ဆောင်ရမည့် မဟာဗျူဟာဖြစ်သည်ဟု မှတ်ယူထားကြောင်း၊ အစိုးရသည် စပါးအပေါင်ခံခြင်းနှင့် ၀င်ငွေအာမခံခြင်းကဲ့သို့သော မူဝါဒရေးရာ စွက်ဖက်မှုများကို လုပ်ဆောင်မှုမပြုပဲ လယ်သမားများအတွက် စပါးဈေးနှုန်းများကို စီမံခန့်ခွဲနိုင်မည်ဟု ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့သည်။

၂၀၂၃-၂၄ သီးနှံနှစ်အတွက် စပါးအထွက်ပမာဏမှာ တန်ချိန် ၃၂ သန်းရှိမည်ဟု ခန့်မှန်းထား ကြောင်း၊ ပင်မသီးနှံရာသီမှ စပါးစုစုပေါင်း တန်ချိန် ၂၅.၆ သန်းခန့် ထွက်ရှိနိုင်ပြီး ယခင်နှစ် ထုတ် လုပ်မှုအောက် ၆% ကျဆင်းဖွယ်ရှိကြောင်း၊ ပင်မသီးနှံရာသီချိန်ပြင်ပ စိုက်ပျိုးထုတ်လုပ်မှုတွင် ယခင်နှစ် ထွက်ရှိမှုအောက် ၁၂% လျော့ကျလျက် စပါး တန်ချိန် ၆.၇၈ သန်းခန့်သာ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းရကြောင်း ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Wattanasak Suriam က ပြောကြားခဲ့သည်။

Source: Bangkok Post, 31 Oct 2023

Source: https://www.doca.gov.mm

Category: International News