International News

အယ်လ်နီညိုအကျိုးသက်ရောက်မှု လျော့နည်းသက်သာစေရေး အင်ဒိုနီးရှားအစိုးရက မူဝါဒချမှတ်

Last Updated:

အင်ဒိုနီးရှားနိုင်ငံတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် ကာလကြာရှည်စွာ ခြောက်သွေ့မှု၏ ဆိုးရွားသော အကျိုးသက်ရောက်မှုများကို လျော့နည်းသက်သာစေရေးအတွက် နိုင်ငံ၏ ဘတ်ဂျက်ရန်ပုံငွေအပေါ် အခြေပြုသည့် စီးပွားရေးမူဝါဒတစ်ရပ်ကို အစိုးရက ချမှတ်ခဲ့ ပါသည်။ အယ်လ်နီညိုရာသီဥတုကြောင့် ဆန်ကဲ့သို့သောကုန်စည်များ ဈေးနှုန်းမြင့်တက်ခဲ့မှုနှင့်အတူ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားသောဖိအားများဖြစ်ပေါ်ခဲ့ရာ နိုင်ငံဘတ်ဂျက်ရန်ပုံငွေအား အသုံးပြုလျက် လူမှုရေးအထောက်အပံ့များကို ထိရောက်စွာ ဖြန့်ဝေပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ အယ်လ်နီညို၏ သက်ရောက်မှုအတွက်သာမက ကမ္ဘာ့စီးပွားရေးယိုယွင်းလာမှုနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးလာခြင်း၏ အကျိုးသက်ရောက်မှုတို့အတွက်ကိုပါ လျော့နည်းသက်သာစေရန် ရည်ရွယ်ပြီး မူဝါဒချမှတ် ဆောင်ရွက်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီး Sri Mulyani Indrawati က ၂၇-၁၀-၂၀၂၃ နေ့တွင် ပြောကြားခဲ့ပါသည်။

အဆိုပါ စီးပွားရေးမူဝါဒတွင် အစီအစဉ် (၃) ရပ်ပါဝင်ပြီး ယင်းတို့အနက် ပထမအစီအစဉ်သည် လူမှုရေးအကူအညီများကို ဆန်နှင့်ငွေသားထောက်ပံ့မှုပုံစံဖြင့်  ထိရောက်စွာဖြန့်ဝေပေးခြင်း ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသားများ၏ ဝယ်ယူနိုင်စွမ်းအားကို ထိန်းသိမ်းနိုင်ရန်၊ ဈေးနှုန်းများ တည်ငြိမ်စေရန်နှင့် ငွေကြေးဖောင်းပွမှုနှုန်းအား ထိန်းချုပ်နိုင်ရန်အတွက် ၎င်းအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လာမည့်ဒီဇင်ဘာလတွင် ပြည်သူ ၂၁.၃ သန်းသို့ ဆန် ၁ဝ ကီလိုဂရမ်စီကို ဖြန့်ဖြူးပေးနိုင်ရန် နိုင်ငံတော်ဘတ်ဂျက်မှ အင်ဒိုနီးရှားရူပီး ၂.၆၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၆၇.၄ သန်း) ကို သုံးစွဲမည်ဖြစ်ကြောင်း၊ ထို့အပြင် အင်ဒိုနီးရှား ပြည်သူ ၁၈.၈ သန်းအတွက် ရူပီး ၂ဝဝဝဝဝ (၁၂.၅ အမေရိကန်ဒေါ်လာ) နှုန်းဖြင့် တိုက်ရိုက်ငွေသားထောက်ပံ့မှုကို နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ လစဉ်ပေးအပ်မည်ဖြစ်ရာ နိုင်ငံတော်ရန်ပုံငွေမှ ရူပီး ၇.၅၂ ထရီလီယံ (အမေရိ ကန်ဒေါ်လာ ၄၇၁.၆ သန်း)ကို ကျခံအသုံးပြုမည်ဖြစ်ကြောင်း သိရှိရသည်။

ဒုတိယအစီအစဉ်အရ ၂ဝ၂၃ ခုနှစ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများအတွက် အသေးစားစီးပွားရေးလုပ်ငန်း ချေးငွေများ ထုတ်ချေးပေးမည်ဖြစ်ပြီး ရန်ပုံငွေ ရူပီး ၂၉၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၈.၆ ဘီလီယံ) ကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဝန်ကြီး Indrawati က ပြောကြားခဲ့ပါသည်။

တတိယအစီအစဉ်သည် ဝင်ငွေနည်းပါးသော ပြည်သူများအတွက် အိမ်ရာများရရှိမှုကို လွယ်ကူချောမွေ့စေရန် ရည်ရွယ်လျက် အိမ်ရာကဏ္ဍကို ခိုင်မာအားကောင်းအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၎င်းအစီအစဉ်အရ အစိုးရအနေဖြင့် ရူပီးငွေ ၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၂၅၄ဝဝဝ) တန်ဖိုးအောက်လျော့နည်းသော နေအိမ်အသစ်များကို ရောင်းချရာတွင် တန်ဖိုးမြှင့်ခွန် (Value-Added Tax) ကို ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ဝင်ငွေနည်းပါးသော ပြည်သူများအတွက် အိမ်ထောင်စုတစ်ခုလျှင် ၁၄ လကြာ အုပ်ချုပ်မှုစရိတ် ရူပီး ၄ သန်း (အမေရိကန်ဒေါ်လာ ၂၅ဝဝဝဝ) ကို အစိုးရက ထောက်ပံ့မည်ဖြစ်ကြောင်း၊  အစိုးရအနေဖြင့် စုပေါင်းအိမ်ရာဖူလုံရေး အစီအစဉ် (Integrated Welfare Home Program) အောက်၌ ထောက်ပံ့မှုရရှိမည့် ဝင်ငွေနည်းပါးသူ အရေအတွက်ကို ၁၈ဝဝ ဦးအထိ တိုးချဲ့ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဝန်ကြီး Indrawati က ပြောကြားခဲ့သည်။

အဆိုပါ အစီအစဉ် ၃ ရပ်ကို မူဝါဒချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် မသေချာမရေရာ ဖြစ်နေသော ကမ္ဘာ့စီးပွားရေးစိန်ခေါ်မှုများမှ နိုင်ငံ၏စီးပွားရေးကို လွတ်မြောက်ရှင်သန်စေမည်ဟု အင်ဒိုနီးရှားအစိုးရက မျှော်မှန်းလျက်ရှိသည်။

Source: Antara News, 27 Oct 2023

Source: https://www.doca.gov.mm

Category: International News