Local News

ဈေးကွက်ကျဆင်းနေသည့် ပို့ကုန်ပဲများနှင့် နှမ်း၊ မြေပဲဈေး ပြန်မြင့်တက်လာ

Last Updated:

ဈေးကွက်ကျဆင်းနေသည့် ပို့ကုန်ပဲများနှင့် နှမ်း၊ မြေပဲ ဈေးပြန်မြင့်တက်လာကြောင်း ပဲကုန်သည်များထံက သိရသည်။ ခိုင်မာမှုမရှိသည့် ပို့ကုန်မူဝါဒ အပြောင်းအလဲသတင်းများကြောင့် ဈေးကျဆင်းနေသည့်  မတ်ပဲ၊ ပဲစင်းငုံမှာ ဈေးပြန်မြင့် တက်လာသော်လည်း အသစ်ဝင်ပဲမာလိုင်းများသာ ဈေးကျဆင်းနေပြီး နှမ်းမျိုးစုံနှင့် မြေပဲဆံမှာ တရုတ်လိုင်းအဝယ်ကောင်းလာတာကြောင့် ဈေးမြင့်တက်လာသည်။

ပဲဈေးကွက်အတွင်း အသစ်ဝင်ပဲများ စုံလင်စွာဝင်ရောက်လာတာကြောင့် ယခင်ပဲမာလိုင်း အဟောင်းဈေးများထက် ဈေးကျဆင်းနေကြောင်း၊ အဝင်များလို့ ဈေးကျဆင်းသော်လည်း ကုလား ပဲအုပ်စုအနည်းငယ် ဈေးပြန်တက်လာကြောင်း၊ ခိုင်မာမှုမရှိသည့် သတင်းများကြောင့်  ဈေးကျဆင်းသွားသည့် ပို့ကုန်ပဲတွေ ဒီနေ့ကစပြီး ဈေးပြန်တက်လာကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

"အသစ်ဝင်ပဲတွေ ဈေးကွက်ကို စုံစုံလင်လင်ဝင်လာပါပြီ။ အသစ်ဝင်ကုလားပဲတွေ ဈေးကျဆင်းနေတာကနေ လှောင်လက်သမားများ အဝယ်ရှိလာလို့ ဈေးပြန်မြင့်တက်လာပါတယ်။ ကုလား ပဲအုပ်စုတစ်ခုလုံး အကျရပ်ပြီး ဈေးပြန်တက်လာပေမယ့် အရင်အမြင့်ဈေးထိတော့ မရောက်သေးပါဘူး။ ပဲမာလိုင်းတွေကတော့ အဟောင်းဈေးအမြင့်ကနေ အသစ်ဝင်ရောက်လာတော့ ဈေးကျဆင်းသွားပြီး ပေါက်ဈေးအတိုင်း အရောင်းအဝယ်သွက်နေပါတယ်။  လက်ရှိမှာ ပို့ကုန်မူဝါဒအပြောင်းအလဲ ခိုင်မာမှုမရှိတဲ့သတင်းတွေကြောင့်ပဲ ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိခဲ့ပေမယ့် လက်ရှိမှာ  ပို့ကုန်ပဲတွေ ဈေးပြန်မြင့်တက်လာပါတယ်"ဟု ၎င်းက ပြောသည်။

မတ်၇ ရက်တွင် ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာရာ  မတ်ပဲတစ်အိတ်လျှင်  ငွေကျပ် ၂၈၅၀၀၀၊  ပဲစင်းငုံတစ်အိတ်လျှင်  ငွေကျပ် ၃၈၀၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၁၈၅၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ အနည်းငယ်ဈေးကျဆင်းနေပြီး မတ် ၇ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၅၁၀၀၀၊ ကုလားပဲ V7 တစ်အိတ် လျှင် ငွေကျပ် ၂၅၃၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ် လျှင် ငွေကျပ်၂၄၁၀၀၀ ပေါက်ဈေး ဖြစ်လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများမှာ အသစ်ဝင်ရောက်မှုများလာတာကြောင့်လည်း ဈေးကျဆင်းနေရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၉၅၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၃၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ်၂၉၅၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ် လျှင် ငွေကျပ် ၂၄၂၀၀၀ ပေါက်ဈေးရှိပြီး တရုတ်လိုင်းအဝယ်ရှိလာတာကြောင့်  မြေပဲအနီလုံး ဆံ (မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀-၈၄၀၀ ဈေးမြင့် တက်လာသည်။

မတ် ၇ ရက်တွင်  နှမ်းမျိုးစုံ အနည်းငယ်ဈေးမြင့်တက်လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၄၁၅၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၃၂၅၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀ အသီးသီးပေါက်ဈေးရှိလာကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News