Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လတွင် ပုစွန်မျိုးစုံပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လတွင် ပုစွန်မျိုးစုံပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဖျာပုံမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်‌ရေးပွဲရုံပိုင်ရှင် ဒေါ်နွေးနွေးက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်တွင် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံလုပ်ငန်းများသည် ဒေသမှထွက်ရှိသည့်ပုစွန်များကို ဝယ်ယူပြီးစနစ်တကျသန့်စင်ကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလက ပုစွန်မျိုးစုံ ပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ပုစွန်မျိုးစုံ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“ရန်ကုန်ဈေးကွက်က ဖျာပုံမြို့နယ် ရေထွက်ကုန်တွေတင်ပို့ရောင်းချတဲ့ ဈေးကွက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လအတွင်း ပုစွန်မျိုးစုံ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရတယ်။ ရန်ကုန်‌ဈေးကွက်က ဖျာပုံမြို့နယ်ကပုစွန်တွေအား ကောင်းနေတာကြောင့် တင်ပို့ရောင်းချအားကလဲ တက်ခဲ့တာပါ။ မတ်လအတွင်း ပုစွန်တွေအပါအဝင် ‌ရေထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ထဲကို ကုန်ချိန်များများ တင်ပို့ရောင်းချခဲ့ရတာကြောင့် ရေထွက်ပစ္စည်းတွေတင်ပို့ရောင်းချတဲ့သူတွေလဲ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိလာပါတယ်” ဟု ဒေါ်နွေးနွေးက ပြောပြသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ပုစွန်ဈေးနှုန်းများသည် ပုစွန်ဘော့ချိတ် တစ်ပိဿာလျှင် ငွေကျပ် ၁၆၅၀၀ မှ ၁၈၅၀၀၊ ပုစွန်ဆိတ်သေး တစ်ပိဿာလျှင် ငွေကျပ် ၁၄၅၀၀ မှ ၁၆၅၀၀၊ ပုစွန်ဆိတ်ကြီး တစ်ပိဿာလျှင် ငွေကျပ် ၁၆၅၀၀ မှ ၁၇၅၀၀၊ ပုစွန်တုပ် တစ်ပိဿာလျှင် ငွေကျပ် ၃၀၅၀၀ မှ ၃၅၅၀၀ စသည်ဖြင့် အရွယ်အစားအပေါ်မူတည်ပြီး ဈေးအနိမ့်အမြင့်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News