International News

ဥရောပသမဂ္ဂ၏ ကုန်သွယ်မှုမူဝါဒနှင့် လုပ်ငန်းစဉ်များအပေါ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က လေ့လာ ဆန်းစစ်လျက်ရှိခြင်း

Last Updated:

    ဂျီနီဗာမြို့တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများက ဥရောပသမဂ္ဂ၏ ၁၅ ကြိမ်မြောက် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းကို စတင်ပြုလုပ်လျက်ရှိပါသည်။ အဆိုပါကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းတွင် ၂၀၁၉ ခုနှစ်ကုန်မှ ၂၀၂၂ ခုနှစ်ကုန်အထိ ဥရောပသမဂ္ဂ၏ ကုန်သွယ်မှုမူဝါဒနှင့် လုပ်ငန်းစဉ်များကို ဆန်းစစ်ခဲ့ပါသည်။

    ထိုသို့လေ့လာဆန်းစစ်မှုပြုလုပ်ခြင်းသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး (WTO) ၏ စောင့်ကြည့်ခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိစေ ရေးလုပ်ငန်းစဉ်များတွင် အဓိကလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါသည်။

    အဆိုပါ ၁၅ ကြိမ်မြောက် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း၌ ဥရောပသမဂ္ဂ ကုန်သွယ်‌‌ရေးဌာနအကြီးအကဲဖြစ်သူ Ms. Sabine Weyand က မိန့်ခွန်းပြောကြားခဲ့ရာတွင် ပြင်းထန်သော ပြင်ပသက်ရောက်မှုများ၊ ကုန်သွယ်ရေးတင်းမာမှုများနှင့် မရေရာ မသေချာမှုများအကြားတွင် ဥရောပသမဂ္ဂ၏ ပွင့်လင်းမှုနှင့် နိုင်ငံစုံမူဝါဒအတွက် ခိုင်မာသောကတိကဝတ်ထားရှိမှုကို ထင်ရှားစွာ ဖော်ပြခဲ့သည်။ ထို့အပြင် ဥရောပသမဂ္ဂ၏ အစိမ်းရောင်သဘောတူညီချက် (Green Deal) နှင့် ရာသီဥတုဆိုင်ရာမူဝါဒတို့မှတစ်ဆင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းများကို ခွဲခြားမှု မရှိဘဲ ပွင့်လင်းမြင်သာစွာ တုံ့ပြန်ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားခဲ့ပြီး၊ ၎င်း၏ ကာဗွန်ထုတ်လုပ်မှုညှိကွပ်ပေးသည့် ယန္တရား (Carbon Border Adjustment Mechanism - CBAM) သို့မဟုတ် သစ်တောပြုန်းတီးမှုဥပဒေကဲ့သို့သော ဆောင်ရွက်နေမှုများအပေါ် ကုန်သွယ်ဖက်နိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးရန် ဥရောပသမဂ္ဂက ဆန္ဒရှိပါကြောင်းဖြင့် အလေးအနက်ထား ပြောကြားခဲ့သည်။

    WTO အဖွဲ့ဝင်နိုင်ငံများက WTO ၏ ဥပဒေပြုပြင်ပြောင်းလဲခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်း၊ အငြင်းပွားမှုဖြေရှင်းခြင်းနှင့် လုပ်ငန်း ဆောင်ရွက်မှုများကို စောင့်ကြည့်ခြင်းများတွင် ဥရောပသမဂ္ဂ၏ ကူညီပံ့ပိုးပေးမှုများကို ချီးကျူးပြောကြားခဲ့သည်။

    WTO တွင် ဥရောပသမဂ္ဂ၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းကို ဇွန်လ ၇ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး၊ ၎င်းတွင် WTO Secretariat ၏ အစီရင်ခံစာအပေါ် အခြေခံသည့် သုံးသပ်ချက် (Written Review Process) ၊ ဥရောပသမဂ္ဂ၏ အစီရင်ခံစာနှင့် စိုက်ပျိုးရေး၊ အစိမ်းရောင်ပြုပြင် ပြောင်းလဲမှု၊ ကျားမတန်းတူညီမျှရေး၊ ဒီဂျစ်တယ်ဆိုင်ရာပြဿနာများနှင့် ကုန်သွယ်မှုမူဝါဒ စသည်တို့အပေါ် တွင် WTO အဖွဲ့ဝင်နိုင်ငံများက မေးမြန်းထားသည့် မေးခွန်း ၁၆၀၀ အပေါ် ဥရောပသမဂ္ဂ၏ ဖြေကြားချက်များကို ဆွေးနွေးခဲ့ကြ ပါသည်။

    ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်များကို ပြုပြင်ပြောင်းလဲခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ ကုန်သွယ်မှုပမာဏအရ အကြီးဆုံး ဖြစ်သည့် အဖွဲ့ဝင် (၄) နိုင်ငံ (ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဂျပန်နှင့် တရုတ်နိုင်ငံ) တို့သည် သုံးနှစ်လျှင်တစ်ကြိမ် ကုန်သွယ်မှု မူဝါဒ ဆန်းစစ်ခြင်းကို ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

Source:  WTO report on the 15th EU Trade Policy Review.

Category: International News