Local News

ပြည်ပသို့ ယခုဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ပုစွန်မက်ထရစ်တန်ချိန် ၅၀၀၀ ကျော်တင်ပို့နိုင်ခဲ့

Last Updated:

မြန်မာနိုင်ငံမှ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ပုစွန်မက်ထရစ်တန်ချိန် ၅၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ  တာဝန်ရှိသူ တစ်ဦး၏ပြောဆိုချက်အရ သိရသည်။ ဒီဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်ကနေ စက်တင်ဘာလ ၃၀ ရက်အထိ ပြည်ပကို ပုစွန်မက်ထရစ်တန်ချိန် ၅၃၃၅  ဒသမ  ၅၆၇ တန်တင်ပို့နိုင်ပြီး အမေရိကန် ဒေါ်လာ ၂၀ ဒသမ  ၉၂၇ သန်းရရှိပါတယ်ဟု ၎င်းကပြောသည်။ 

ယခုဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ  ခြောက်လတာကာလအတွင်း ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန်ချိန်   ၄၇၈၃  ဒသမ  ၂၄ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၈ ဒသမ  ၀၂၈  သန်းရရှိခဲ့ကာ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ် တန် ၅၅၂ ဒသမ ၃၂၇ တန်တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၂  ဒသမ  ၈၉၉  သန်းရရှိသည့်အတွက် ပြည်ပသို့ ပုစွန်တင်ပို့မှု စုစုပေါင်းမက်ထရစ်တန် ၅၃၃၅ ဒသမ ၅၆၇ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၉၂၇ သန်းရရှိခဲ့သည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူက ပြည်ပသို့  ပုစွန်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန် ၈၀၄၈ ဒသမ ၁၃၉ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၂၄၅ သန်းရရှိကာ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန်  ၅၇၈ ဒသမ ၈၁၈ တန် တင်ပို့ပြီး   အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၃၄ သန်းရရှိသည့် အတွက် ပြည်ပသို့ ပုစွန်တင်ပို့မှုစုစုပေါင်း မက်ထရစ် တန် ၈၆၂၆ ဒသမ ၉၅၇ တန် တင်ပို့ခဲ့ကာ အမေရိကန် ဒေါ်လာ ၃၀ ဒသမ ၈၇၉ သန်းရရှိခဲ့သည်။

မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ရေထွက်ကုန်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျပန်စသည့် နိုင်ငံပေါင်း  ၄၀ ကျော်သို့  တင်ပို့လျက်ရှိပြီး  ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ် ရေးစခန်းများမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရသည်။             

Source: https://www.myawady.net.mm

Category: Local News