Local News

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၌ ဖရဲသီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ

Last Updated:

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်လျက်ရှိရာ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး ဖရဲသီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုးကြောင်း၊ ဖရဲသီးနှံကို ဇူလိုင်လတွင် စတင်စိုက်ပျိုး၍ စက်တင်ဘာလတွင် ခူးဆွတ်ကြကြောင်း၊ မျိုးအနေဖြင့် ပျားရည်ဆမ်း (အဝါ) ဖရဲမျိုးကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးထုပ် ၆ ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာ၌ မျိုးစေ့ကို ပျိုးအိတ်ဖြင့် ပျိုးထောင်၍ ၂၀ ရက်သားအရွယ်တွင် မြေချစိုက်ပျိုးကာ မြေအောက် ရေတင်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခနှင့် ထွန်ယက်ခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၈၅၀,၀၀၀ ခန့် ကုန်ကျပြီး တစ်ဧကလျှင် ဖရဲသီးအလုံးရေ ၁,၀၀၀-၁,၂၀၀ ခန့် ထွက်ရှိကြောင်း၊ မြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း သိရသည်။   အောက်တိုဘာလ၊ ပထမပတ်တွင် ပျားရည်ဆမ်းဖရဲသီး(ဝါ) လက်ကားဈေးတစ်လုံးလျှင် ငွေကျပ် ၁,၇၀၀-၂,၂၀၀ ဖြင့် ရောင်းချရပြီး တစ်ဧကလျှင် ငွေကျပ် ၁၃ သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက် အနေဖြင့် မင်းဘူးမြို့နယ်ဒေသတွင်း သစ်သီးဒိုင်များမှ စိုက်ခင်းအရောက် လာရောက်ဝယ်ယူကြသည့် အပြင် မကွေးမြို့ပေါ်ရှိ သစ်သီးအရောင်းဆိုင်များသို့လည်း တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ရာသီ ဥတုဒဏ်ကြောင့် ဖရဲသီးအထွက်နှုန်း အသင့်အတင့်ရှိသော်လည်း ဈေးကောင်းရရှိသောကြောင့် တောင်သူ များအနေဖြင့် အကျိုးအမြတ်များ ရရှိကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News