Local News

သရက်မြို့နယ်အတွင်း ပဲစင်းငုံနီအရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်း/ဈေးကွက်

Last Updated:

သရက်မြို့နယ်သည် မကွေးတိုင်းဒေသကြီး၏ တောင်ဘက်ပိုင်းတွင်တည်ရှိပြီး ဆန်စပါးနှင့် ပဲမျိုးစုံသီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ မိုးရာသီတွင် မိုးရွာသွန်းမှု နည်းပါးသောကြောင့် စပါးစိုက်ပျိုးမှုနည်းခဲ့သော်လည်း မိုးရာသီကာလဖြစ်သော မေလလယ်တွင် နှမ်းသီးနှံနှင့်ပူးတွဲကာ ပဲစင်းငုံနီကို သီးညှပ်အဖြစ်စိုက်ပျိုးပြီး၊ နှမ်းကို ဇူလိုင်နှင့်သြဂုတ်လများတွင်ရိတ်သိမ်းခဲ့ပြီး၊ သီးညှပ်အဖြစ်ကျန်ရှိနေခဲ့သော ပဲစင်းငုံနီအား နိုဝင်ဘာလလယ်မှစတင်၍ ရိတ်သိမ်းကြောင်းသိရှိရပါသည်။

သီးနှံအသစ်များထွက်ရှိသည့်အချိန်တွင် ပဲစင်းငုံနီမှာ (၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)မှ စတင်ဈေးဖွင့်ဝယ်ယူမှုများရှိခဲ့ပြီး ဒီဇင်ဘာလလယ်တွင် ကျပ်(၉၇၀၀၀)ဈေးနှုန်းဖြစ်၍ ကျပ်(၃၀၀၀) ဈေးနိမ့်ခဲ့သော်လည်း ၎င်းဈေးနှုန်းနိမ့်ကျမှုမှာ ရက်ပိုင်းမျှသာရှိခဲ့သည်။ ယခုဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း၌ ပဲစင်းငုံနီမှာ (၁)တင်းလျှင် ကျပ်(၁၀၁၅၀၀မှ ၁၀၂၀၀၀)ထိဈေးနှုန်းရှိခဲ့၍ ကျပ်(၄၅၀၀မှ ၅၀၀၀) အထိ အတက်ဈေးနှုန်းဖြင့် သရက်မြို့အတွင်းရှိပွဲရုံများမှ ဝယ်ယူလျက်ရှိကြောင်း၊ ၎င်းပွဲရုံများသို့ နေ့စဉ် သရက်မြို့နယ်အတွင်းရှိကျေးရွာများဖြစ်သော ကတက်ပင်၊ ဆတ်လှ၊ မုန်ချောင်း၊ ရေတွင်းကြီး၊ လုံးထော်၊ ကန်လှ စသည့်ကျေးရွာများမှ နေ့စဉ်လာရောက်ရောင်းချလျက်ရှိရာ ပွဲရုံ(၁)ခုတွင် နေ့စဉ်ပျမ်းမျှ တင်း(၂၅မှ ၃၀)ထိဝယ်ယူရရှိနေကြောင်း၊ ဆတ်လှ၊ မုန်ချောင်းကျေးရွာများတွင် တချို့သောတောင်သူများမှာ  (၁)ဧကလျှင် အထွက်နှုန်းအနေဖြင့် တင်း(၃၀မှ ၅၀)ထိရရှိနေကြောင်း၊ ပဲစင်းငုံနီမှာ ရိတ်သိမ်းရာတွင် အခြားသီးနှံများထက် အချိန်တိုခဏအတွင်း လွယ်ကူမြန်ဆန်ပြီး ငွေရလွယ်သောသီးနှံဖြစ်သောကြောင့် ရာသီဥတုကောင်းမွန်ပါက ယခုထက်ပင်ပိုမိုအထွက်တိုးနိုင်ကြောင်း၊ နှစ်စဉ်စိုက်ပျိုးသင့်သော သီးနှံဖြစ်ကြောင်းနှင့် ပွဲရုံလုပ်ငန်းရှင်အားမေးမြန်းရာ ယခုအချိန်၌ ဝယ်ယူကြ၍ သိုလှောင်မှုကို အနည်းငယ်သာထားရှိပြီး သရက်မြို့တစ်ဖက်ကမ်းရှိ အောင်လံမြို့နှင့် မန္တလေးမြို့များသို့ တိုက်ရိုက်တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ပဲစင်းငုံနီမှာ ကုန်စည်စီးဆင်းမှုမြန်ဆန်ပြီး အချိန်တို၊ ရက်တိုအတွင်း ငွေရလွယ်ကူကြောင်းနှင့် အရင်းအမြတ်ခွဲခြား၍ရရှိနိုင်ကြောင်း ပွဲရုံလုပ်ငန်းရှင်တစ်ဦးထံမှသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News