Local News

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လတွင် ငါးရံ့ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လတွင် ငါးရံ့ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာက ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်မှ ရေထွက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များသည် ဒေသထွက်ကုန်များကို တင်ပို့ရောင်းချလျက်ရှိရာ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ရန်ကုန်ဈေးကွက်သို့ ငါးရံ့ပိဿာချိန် ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ငါးရံ့ပိဿာချိန် ၇၅၀၀၀ ထ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“ကျိုက်လတ်မြို့နယ်ရဲ့ ရေထွက်ကုန်ဈေးကွက်က ရန်ကုန်ဈေးကွက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့ထိ ငါးရံ့ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ငါးရံ့က အသားပေါတဲ့ ငါးအမျိုးအစားပါ။ ပြည်တွင်းမှာကို အဝယ်လိုက်နေတာပါ။ ဒေသထွက် ငါးရံ့တွေအပါအဝင်ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့တာပါ။ အခုလို ဝယ်ယူမှုအားကောင်းလာတော့ ငါးရံ့မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ လုပ်သားတွေအလုပ်အကိုင်အခွင့်အလမ်းတွေရရှိလာတယ်” ဟု ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ‌ဒေါ်သူဇာက ပြောပြသည်။

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့ရသည့် ငါးရံ့အလတ် ၁၀ ပိဿာလျှင် ငွေကျပ် ၁၂၅၀၀၀၊ ငါးရံ့အသေး ၁၀ ပိဿာလျှင် ငွေကျပ် ၉၅၀၀၀၊ ငါးရံ့အကြီး ၁၀ ပိဿာလျှင် ငွေကျပ် ၁၆၅၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါဒေသတွင် ငါးရံ့မွေးမြူရေးလုပ်ငန်းနှင့် သဘာဝအတိုင်း ချောင်း၊ အိုင်၊ မြောင်း၊ လယ်ကွင်းများမှ ရှာဖွေဖမ်းဆီရရှိသည့် ငါးရံ့များထွက်ရှိကြောင်း ဒေါ်သူဇာက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News