International News

အမေရိကန်သို့ကော်ဖီ ၁၉၀တန်တင်ပို့ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ

Last Updated:

အင်ဒိုနီးရှားနိုင်ငံသည် ကော်ဖီစေ့ ၁၉၀တန်ကို North Sumatra ရှိ Deli Serdang စီရင်စုမှတစ်ဆင့် အမေရိကန်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်းသိရပါသည်။ အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan က အမေရိကန်ဒေါ်လာ ၁.၅ သန်းတန်ဖိုးရှိသည့် ကော်ဖီစေ့ကွန်တိန်နာ (၁၀)လုံးအားတင်ပို့ရန် အခွင့်အရေးရရှိခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်းပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကော်ဖီတင်ပို့မှုပမာဏကို ဆက်လက်အရှိန်မြှင့်တင်ရန်လိုအပ်နေပြီး ကော်ဖီကို နိုင်ငံ၏အထင်ကရပို့ကုန်ပစ္စည်းဖြစ်လာရန် စဉ်းစားယူဆလျက်ရှိကြောင်းသိရပါသည်။ အင်ဒိုနီးရှားအစိုးရသည် လတ်တလောတွင် ဥရောပသမဂ္ဂ သစ်တောပြုန်းတီးမှုစည်းမျဉ်းက နိုင်ငံ၏ လေးညှင်း၊ ငြုပ်ကောင်း၊ ကော်ဖီနှင့် စားအုန်းဆီတို့ကို ကမ္ဘာ့အနောက်ပိုင်းဈေးကွက်သို့တင်ပို့ရာတွင် အနှောင့်အယှက်မဖြစ်စေရန် ကြိုးပမ်းနေကြောင်းသိရပါသည်။

အင်ဒိုနီးရှားအစိုးရသည် လတ်တလောတွင် IEU-CEPAC အင်ဒိုနီးရှား-ဥရောပသမဂ္ဂ စဉ်ဆက်မပြတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်အတွက် ညှိနှိုင်းမှုများကို ပြည့်စုံရန် အကောင်းဆုံးလုပ်ဆောင်နေလျက်ရှိကြောင်းသိရပါသည်။ သဘောတူညီချက်ပြည့်စုံပါက အင်ဒိုနီးရှားနိုင်ငံသည် အထက်ပါကုန်ပစ္စည်းများကို ဥရောပသမဂ္ဂနှင့် အမေရိကန်သို့တင်ပို့ပါက မည်သည့်အနှောင့်အယှက်မျှ ကြုံတွေ့ရတော့မည်မဟုတ်ကြောင်းသိရပါသည်။ လွန်ခဲ့သည့်(၅)နှစ်တွင် အင်ဒိုနီးရှား၏ ကော်ဖီတင်ပို့မှုတန်ဖိုးသည် ၅ရာခိုင်နှုန်းကြီးထွားလာကြောင်းသိရပါသည်။ ဝန်ကြီးက အင်ဒိုနီးရှား၏ အဓိကယှဉ်ပြိုင်ဖက်မှာ တောင်အမေရိကနိုင်ငံများဖြစ်ပြီး အထူးသဖြင့် ကိုလံဘီယာနိုင်ငံဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် ကော်ဖီစိုက်ပျိုးရန် အလွန်သင့်လျော်သည့် မြေနေရာများစွာရှိသောကြောင့်ဖြစ်ကြောင်း‌ ပြောကြားခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာကော်ဖီဈေးကွက်ကို လွှမ်းခြုံနိုင်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံသည် အော်ဂဲနစ်စိုက်ပျိုးရေးနည်းစနစ်များဖြင့် စိုက်ပျိုးခြင်းနှင့် ပိုမိုနှစ်သက်ဖွယ်ထုပ်ပိုးမှုများဖန်တီးခြင်းဖြင့် ကော်ဖီထုတ်ကုန်များ၏ အရည်အသွေးကိုတိုးမြှင့်ရန်လိုအပ်ကြောင်းသိရပါသည်။ Aceh နှင့် North Sumatra ရှိ စိုက်ပျိုးရေးသမားများက ထုတ်လုပ်တင်ပို့ခဲ့သော ကော်ဖီစေ့များမှာ နိုင်ငံတကာအဆင့်အတန်းနှင့် လိုက်လျောညီထွေရှိကြောင်းသိရပါသည်။

Source: Antara News

Source: https://www.doca.gov.mm

Category: International News