Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ပင်လယ်ပန်းကဏန်းပိဿာချိန် ၇၅၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ပင်လယ်ပန်းကဏန်းပိဿာချိန် ၇၅၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝေဝေက ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်းက ပင်လယ်ပန်းကဏန်းပိဿာချိန် ၄၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၉ ရက်နေ့ထိ ပင်လယ်ပန်းကဏန်းပိဿာချိန် ၇၅၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ပင်လယ်ပန်းကဏန်းတွေက ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွေကနေ ရရှိတာဖြစ်ပါတယ်။ လပွတ္တာမြို့နယ်ကနေထွက်တဲ့ ပင်လယ်ပန်းကဏန်းတွေအပါအဝင် ရေထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလထဲမှာ ပင်လယ်ပန်းကဏန်းပိဿာချိန် ၇၅၀၀၀ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိ မတ်လထဲမှာလဲ ဒီဘက်ကနေ တင်ပို့ရောင်းချတဲ့၊ ထွက်ရှိတဲ့ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ ပန်းကဏန်းတွေအဝယ်လိုက်နေတာက ပြည်တွင်းလိုအပ်ချက်နဲ့ ပြင်ပဈေးကွက်ရှိလာတာကြောင့်ပါ။ ကဏန်းတွေ ဝယ်ယူအားကောင်းလာတော့ ရေလုပ်ငန်းရှင်တွေက အရောင်းအဝယ်လုပ်ငန်း ပိုမိုလုပ်ကိုင်လည်ပတ်လာရပါတယ်” ဟု လပွတ္တာမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝေဝေက ပြောပြသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေသည့် ပန်းကဏန်း ၁၀ ပိဿာလျှင် ငွေကျပ် ၂၈၅၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါ ပင်လယ်ပန်းကဏန်းများ ဝယ်ယူအားကောင်းလာခြင်းကြောင့် ရေလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ကားအငှားလိုက်သူများ အလုပ်အကိုင်ရရှိလာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News