International News

တရုတ်မှ မျိုးရိုးဗီဇပြောင်း ပြောင်းဖူးများ၏ အန္တရာယ်များကို ထိုင်းလယ်သမားများစိုးရိမ်

Last Updated:

တရုတ်နိုင်ငံ၏ မျိုးရိုးဗီဇပြောင်း ပြောင်းဖူးကို တိရစ္ဆာန်အစာနှင့် အီသနောထုတ်လုပ်ရာတွင် ပီလောပီနံ အစားထိုးအသုံးပြုလာနိုင်ကြောင်း ထိုင်းနိုင်ငံ၊ ကုန်သွယ်မှုမူဝါဒနှင့် မဟာဗျူဟာရုံး (Trade Policy and Strategy Office-TPSO) က လယ်သမားများနှင့် ပီလောပီနံစိုက်ပျိုးသူများအား သတိပေးထားသည်။ TPSO ၏ ညွှန်ကြားရေးမှူးချုပ်က တရုတ်နိုင်ငံသည် ပိုးမွှားများကို ခံနိုင်ရည်ရှိသော ဗီဇပြောင်း ပြောင်းမျိုးကွဲများအား ၁၉၉၇ ခုနှစ် ကတည်းက သုတေသနပြု ထုတ်လုပ်နိုင်ခဲကြောင်း၊ အဆိုပါဗီဇပြောင်း သီးနှံများ ဘေးကင်းမှုနှင့် ထိရောက်မှုရှိစေရန်အတွက်လည်း စဉ်ဆက်မပြတ် ကွင်းဆင်းစမ်းသပ်မှုများ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံသည် ဗီဇပြောင်း ပြောင်းဖူးများကို ပြည်တွင်းဝယ်လိုအားပြည့်မီရန် မထုတ်လုပ်နိုင်သဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကတည်းက တင်သွင်းခဲ့သည်။ နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး (၁၄) ကြိမ်မြောက် ၅ နှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) အရ စားနပ်ရိက္ခာနှင့် လယ်ယာထွက်ကုန်များ ဖူလုံရေး၊ ပိုးသတ်ဆေးသုံးစွဲမှု လျှော့ချရေးနှင့် လယ်သမားများ စိုက်ပျိုးစရိတ်လျှော့ချရေးအတွက် တရုတ်သည် ဗီဇပြောင်း ပြောင်းဖူးများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

တရုတ်နိုင်ငံမှ ဗီဇပြောင်း ပြောင်းဖူး (၃၇) မျိုးအား မွန်ဂိုလီးယားအတွင်းပိုင်း၊ ဂန်းဆု၊ ဟီဘေး၊ ကျိလင်၊ လိယောင်နင်၊ ကွမ်ရှီး၊ စီချွမ်နှင့် ယူနန် ပြည်နယ်တို့တွင် စိုက်ပျိုးနိုင်ပြီဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီက ထုတ်ပြန်ကြေညာခဲ့သည်။ ယခုနှစ်တွင် ဗီဇပြောင်း ပြောင်းစိုက်ပျိုးဧရိယာကို ရိုင် သန်းပေါင်း ၄.၁၇ မှ ၆.၂၅ ထိ တိုးလာမည်ဟု ခန့်မှန်းထားသည်။

တရုတ်ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီတို့က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်အမှတ် (၁) အရ ယခုနှစ်အတွက် လယ်ယာနှင့်ကျေးလက်ဖွံ့ဖြိုးရေး မူဝါဒများတွင် ကောက်ပဲသီးနှံ အထူးသဖြင့် ပြောင်းနှင့်ပဲပိစပ် အထွက်နှုန်းမြှင့်တင်ရန်၊ နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံစေရန်၊ လယ်သမားများ၏ ဘဝမြှင့်တင်ရေး စက်မှုလယ်ယာစနစ်အား အရှိန်မြှင့်ရန် ဖော်ပြထားပါသည်။ ပြည်ပစိုက်ပျိုးရေးဝန်ဆောင်မှုဌာနအရ တရုတ်နိုင်ငံ၏ ဗီဇပြောင်း ပြောင်းစိုက်ပျိုးမှုဧရိယာသည် စုစုပေါင်း ပြောင်းစိုက်ပျိုးမှုဧရိယာ၏ ၁ % အောက်သာရှိသော်လည်း ၂၀၂၅ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း နှစ်စဉ်ပျမ်းမျှ ၁၀ မှ ၁၅% တိုးလာမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။

ပြောင်းသည် ထိုင်းနိုင်ငံ၏ အဓိက လယ်ယာပို့ကုန် မဟုတ်သော်လည်း တရုတ်နိုင်ငံ၏ ပြည်တွင်း၀ယ်လိုအား ဖြည့်ဆည်းရန် ဗီဇပြောင်း ပြောင်းများ အသုံးပြုမှုသည် ထိုင်းနိုင်ငံ၏ ပီလောပီနံ တင်ပို့မှုကို ထိခိုက်နိုင်ကြောင်း၊ အကြောင်းမှာ ထိုင်းပီလောပီနံကို တရုတ်၏ တိရစ္ဆာန်အစာနှင့် အီသနော ထုတ်လုပ်မှုတွင် အသုံးပြုခြင်းကြောင့်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် ပို့ကုန်ဈေးကွက် အနည်းငယ်ကိုသာ မှီခိုနေရမှုကို လျှော့ချသင့်ကြောင်း TPSO ညွှန်ကြားရေးမှူးချုပ်ကပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသည် ပြောင်းတန်ချိန် ၂၇. ၁ သန်းဖြင့် ကမ္ဘာပေါ်တွင် ပြောင်းအများဆုံး တင်သွင်းခဲ့ကြောင်း၊ ဗီဇပြောင်း ပြောင်းဖူးအဓိကတင်ပို့သည့် နိုင်ငံများမှာ  ဘရာဇီးနှင့် အမေရိကန်တို့ ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ် ကမ္ဘာ့ဗီဇပြောင်း ပြောင်းဈေးကွက်သည် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၆၄ ဘီလီယံဖြင့် လည်ပတ်နေခဲ့ပြီး ၂၀၃၀ ပြည့်နှစ်နှစ်ကုန်ပိုင်းတွင် စျေးကွက်အရွယ်အစား အမေရိကန် ဒေါ်လာ ၃၈၄ ဘီလီယံခန့်ရှိမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံကဲ့သို့ ဗီဇပြောင်း ပြောင်းဖူးထုတ်လုပ်သူအသစ်များကြောင့် ရောင်းလိုအားတိုးတက်လာပြီး ကမ္ဘာ့ပြောင်းဈေး ကျဆင်းနိုင်မည်ဟု မျှော်လင့်ရကြောင်း ​ လေ့လာသုံးသပ်သူများကဆိုသည်။

Source: www.bangkokpost.com

Source: ကုန်သွယ်ရေးဦးစီးဌာန၊ WTO ဌာနခွဲ

Source: https://commerce.gov.mm

Category: International News