Local News

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်စျေးကွက်သို့ ဇွန်လအတွင်း ပင်လယ်ငါးခြောက်မျိုးစုံ ပိဿာချိန် ၈၈၀၀၀ အထိ တင်ပို့ရောင်းချနိုင်

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ   ရန်ကုန်စျေးကွက်သို့   ဇွန်လအတွင်း ပင်လယ်ငါးခြောက်မျိုးစုံ ပိဿာချိန် ၈၈၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ်၌ ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းလုပ်ကိုင်သူ ဒေါ်သက်မာထံမှ သိရသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်စျေးကွက်သို့ မေလက ငါးခြောက်မျိုးစုံပိဿာချိန် ၅၅၀၀၀ ခန့်သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာ ကာလအတွင်း ငါးခြောက်မျိုးစုံ ပိဿာချိန် ၈၈၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့သည်။

“ကျိုက်လတ်ဒေသထွက်   ပင်လယ်ငါးခြောက်မျိုးစုံကို  စနစ်တကျထုတ်လုပ်ပြီး ရန်ကုန်စျေးကွက်ကို အဓိကတင်ပို့ ရောင်းချနေပါတယ်။ ပင်လယ်ငါးခြောက်တွေကတော့ ပြည်တွင်းမှာ  စားသုံးမှုများလို့ အဝယ်လိုက်နေတယ်။ ဇွန်လက ငါးခြောက် မျိုးစုံပိဿာချိန် ၈၈၀၀၀ အထိ ရောင်းချခဲ့ရပါတယ်။ ရန်ကုန်စျေးကွက်က အဝယ်လိုက်နေလို့ တင်ပို့ရောင်းချ အားကောင်းခဲ့တာပါ။ ဇူလိုင်လထဲမှာလည်း ငါးခြောက်တွေ အဝယ်လိုက်နေပါတယ်” ဟု ဒေါ်သက်မာကပြောသည်။

ထိုသို့တင်ပို့ရောင်းချရာတွင် အများဆုံးတင်ပို့ရသည့်ငါးခြောက်များမှာ ငါးကွမ်းရှပ်၊ (ငါးညို)ခြောက်၊ ငါးလိပ်ကျောက်ခြောက်၊ ပင်လယ်ငါးပြေမခြောက်၊  ငါးဖောင်ရိုးခြောက်၊ ငါးတံခွန်ခြောက်၊ အာပဲ့ခြောက် စသည့် အမျိုးအစားတို့ဖြစ်ကြောင်း  သိရသည်။   

Source: https://www.myawady.net.mm

Category: Local News