Local News

ပြည်ပနိုင်ငံများ၏ ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်အတွင်း ဝဥများ ဈေးကောင်းရရှိကာ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ပြည်ပနိုင်ငံများ၏ ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်အတွင်း၌ ဝဥများ မနှစ်ကထက် ဈေးကောင်းရရှိကာ အရောင်းအဝယ်သွက်လက်ကောင်းမွန်နေကြောင်း မန္တလေးမြို့ကုန်သည်များထံမှ သိရသည်။ အဆိုပါ ဝဥများကို ယခုအချိန်တွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း) ဒေသများမှ ဝဥများ လှိုင်လှိုင်ထွက်ပေါ်လာပြီး မန္တလေးဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိရာ ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့က နှစ်စဉ် ဝယ်ယူလျက်ရှိကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့် ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။ “ယခုအချိန်ဟာ ဝဥတွေ လှိုင်လှိုင်ထွက်တဲ့ ရာသီဖြစ်ပါတယ်။ ဝဥက သမပိုင်းရာသီဥတု နေရာတွေမှာ ပေါက်ပါတယ်။ မြန်မာနိုင်ငံမှာ အလေ့ကျ ပေါက်တဲ့ အပင်တစ်မျိုးဖြစ်တယ်။ ဝဥ အနီ၊ ဝဥအဝါဆိုပြီး နှစ်မျိုးရှိတယ်။ ဝဥက ဥအတိုင်း မဟုတ်ဘဲ ဖြတ်တောက်ပြီးမှ ဈေးကွက်ကို ပို့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဝဥအခြောက်ခံ စက်ရုံတွေလည်း မန္တလေးနဲ့ ပခုက္ကူ မြို့တွေမှာ ရှိပါတယ်။ ဝဥကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဝဥခေါက်ဆွဲ ထုတ်လုပ်ကာ မန္တလေးဈေးကွက်အတွင်းမှာလည်း ရောင်းချနေပါတယ်” ဟု ၎င်းက ပြောသည်။ ဝဥကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးစသည့် ဒေသများမှာ အလေ့ကျပေါက်ရောက်ပြီး၊ အခင်းလိုက်စမ်းသပ်စိုက်ပျိုးနေခြင်းမှ အောင်မြင်သည့် ဝဥစိုက်ခင်းများကို တွေ့ရှိနိုင်ကြောင်း သိရှိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News