မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။ ခရမ်းသီးသည် ရာသီမရွေးစိုက်ပျိုးနိုင်၍ စိုက်ပျိုးပြီး သုံးလခန့်အချိန်တွင် ခရမ်းသီးများကို စတင်ခူးဆွတ်ရောင်းချရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးထောင်ပြီး ပျိုးပင်တစ်လခွဲသားအရွယ်တွင် ဘောင်ခတ်၍ အတန်းလိုက် စိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင် ငွေကျပ် ၈၀၀၀၀၀-၈၅၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ခရမ်းသီးများကို တစ်ပတ်ခြားတစ်ကြိမ် ခူးဆွတ်လျက်ရှိရာ ခရမ်းသီးကုန်ချိန်အထိ ၁၂ ပတ်ခန့် ခူးဆွတ်ရပြီး တစ်ဧကလျှင် ပိဿာချိန် ၂၀၀၀-၂၂၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှတစ်ဆင့် မန္တလေး၊ နေပြည်တော်နှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ခရမ်းသီးစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိသည့်အတွက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ခရမ်းသီးစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။
Source: မြန်မာ့အလင်းသတင်းစာ