International News

၂၀၂၄ ခုနှစ်၊ ပထမ(၅)လအတွင်း ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံရရှိခဲ့သည့် ဗီယက်နမ်နိုင်ငံ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ဇန်နဝါရီလမှ မေလအတွင်း အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုး ပမာဏရှိသည့် ရေထွက်ကုန်များကို ပြည်ပသို့တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၆.၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဗီယက်နမ်နိုင်ငံ ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) အဆိုအရ သိရပါသည်။ အဆိုပါကာလအတွင်း တူနာငါးတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၉၇ သန်း ပမာဏရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် လွန်ခဲ့သည့်နှစ် တူညီသည့် ကာလထက် ၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တူနာဈေးကွက်ကျွမ်းကျင်သူ Nguyen Ha က ငွေကြေးဖောင်းပွမှုကို စိတ်ကုန်နေသော စားသုံးသူများသည် ငွေကြေးချွေတာလာကြပြီး ဈေးသက်သာသည့် ထုတ်ကုန်များကို အလိုရှိလာကြောင်းနှင့် အဆိုပါကာလတွင် ဈေးနှုန်းမြင့်မားနေသော တူနာငါးများကို အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အစ္စရေးတို့က အဓိကတင်သွင်းကြောင်း ပြောကြားခဲ့ပါသည်။ လက်ဘနွန်နှင့် ဂရိကဲ့သို့သော အရှေ့အလယ်ပိုင်းနိုင်ငံများကို ရေထွက်ကုန်တင်ပို့မှုမှာ မြင့်မားနေကြောင်း သိရပါသည်။ ဂဏန်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၀၁ သန်းဖြင့် လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၈၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံနှင့် ဂျပန်တို့မှာ အကြီးမားဆုံးဝယ်ယူသူများဖြစ်ကြောင်း သိရပါသည်။ Tra Fish တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၇၅၅ သန်းနှင့် ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပုဇွန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံဖြင့် ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။

VASEP ၏ ဆက်သွယ်ရေးဒါရိုက်တာ Le Hang က ဗီယက်နမ်နိုင်ငံ၏ ရေထွက်ကုန်တင်ပို့မှုမှာ ဝယ်လိုအားတွင်သာမက ဈေးနှုန်းတွင်ပါ ပြန်လည်နာလံထူလာကြောင်းနှင့် အမေရိကန်၊ ဂျပန်၊ ဥရောပသမဂ္ဂနှင့် တောင်ကိုရီးယားနိုင်ငံတို့ကို ရေထွက်ကုန်တင်ပို့မှုမှာ မေလတွင် ၅ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းသို့ ကြီးထွားလာကြောင်း သိရပါသည်။

မေလကုန်တွင် အမေရိကန်သို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၆၃၅ သန်းနှင့် ၁၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပသမဂ္ဂတို့သို့တင်ပို့မှုမှာ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းထိ တိုးတက်လာကြောင်း သိရပါသည်။ သို့သော် စီးပွားရေးတိုးတက်မှုရပ်တန့်နေသောကြောင့် စားသုံးသူများမှာ ငွေကြေး‌ချွေတာနေကြသောကြောင့် တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ မေလတွင် ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တရုတ်မှတင်သွင်းသူများမှာ TraFish ကဲ့သို့ ဈေးသက်သာ သည့် ကုန်ပစ္စည်းများကို ပြောင်းလဲတင်သွင်းနေကြောင်း သိရပါသည်။

Source: Vitnem Plus

Source: https://www.doca.gov.mm

Category: International News