Local News

ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း သိဟိုဠ်စေ့ ပိဿာချိန် ၅၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း သီဟိုဠ်စေ့ ပိဿာချိန် ၅၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဟင်္သာတမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်လဲ့လဲ့က ပြောပြ၍ သိရသည်။ ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ လယ်ယာထွက်ကုန်ပစ္စည်းများကို တင်ပို့ရောင်းချလျက်ရှိရာ ပြီးခဲ့သည့် ဧပြီလအတွင်းက သီဟိုဠ်စေ့ ပိဿာချိန် ၃၅၀၀၀၀ ထိသာ တင်ပို့ရောင်းချခဲ့ရပြီး မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တစ်လအတွင်း သီဟိုဠ်စေ့ ပိဿာချိန် ၅၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ပြည်ပဈေးကွက်ရှိလာတာကြောင့် သီဟိုဠ်စေ့တွေက တင်ပို့ရောင်းချမှု အားကောင်းလာတာဖြစ်ပါတယ်။ ဒေသထွက် သီဟိုဠ်စေ့တွေကို ဟင်္သာတမြို့ကနေ တစ်ဆင့် ရန်ကုန်ဈေးကွက်ကို ကုန်ချောအဖြစ်ပြုလုပ်ပြီး တင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်ကနေမှ ပြည်ပနိုင်ငံဈေးကွက်ကို အများအပြား တင်ပို့ရောင်းချနေရတာကြောင့် ရန်ကုန်ဈေးကွက်မှာလဲ အဝယ်လိုက်နေပါတယ်” ဟု ဟင်္သာတမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်လဲ့လဲ့က ပြောပြသည်။

ဟင်္သာတမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ဒေသထွက်ကုန်သီဟိုဠ်စေ့ တစ်ပိဿာလျှင် ငွေကျပ် ၅၉၀၀ မှ ၆၃၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ သီဟိုဠ်စေ့ကို မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်၊ လပွတ္တာခရိုင်၊ ပုသိမ်ခရိုင် စသည့်ခရိုင်များတွင် သီဟိုဠ်စေ့ စုစုပေါင်း ဧက ၆၅၀၀၀ ထိ အများဆုံး စိုက်ပျိုးထွက်ရှိကြောင်း၊ ဒေသထွက်ကုန် သီဟိုဠ်စေ့များကို ပုသိမ်မြို့ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံများက ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချကာ ရန်ကုန်ဈေးကွက်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News