Local News

မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ငါးခေါင်းပွ ငါးပိဿာချိန် ၈၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ငါးခေါင်းပွ ငါးပိဿာချိန် ၈၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ကြောင်း မအူပင်မြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာဝင်းက ပြောပြ၍ သိရသည်။ မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်းက ငါးခေါင်းပွငါးပိဿာချိန် ၅၃၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ငါးခေါင်းပွငါးပိဿာချိန် ၈၄၀၀၀ ထိ တင်ပို့‌ရောင်းချခဲ့ရကြောင်း၊ ငါးခေါင်းပွငါးများအပါအဝင် ဒေသရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့‌ရောင်းချလျက်ရှိကြောင်း အဆိုပါဒေသမှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်ထံမှ သိရသည်။

“မအူပင်မြို့နယ်ကနေ ထွက်ရှိတဲ့ ငါးခေါင်းပွငါးတွေကို ရန်ကုန်ဈေးကွက်ကို အများဆုံးတင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့မေလ ပထမပတ်ကနေ ငါးခေါင်းပွတွေ တင်ပို့မှုပိုမိုကောင်းမွန်လာပါတယ်။ ပြည်တွင်းမှာကို ငါးခေါင်းပွငါးက ဝယ်လိုအားကောင်းနေပါတယ်။ လက်ရှိ ငါးခေါင်းပွငါးတွေဝယ်လိုအား ကောင်းလာသလို ဈေးလဲကောင်းလာပါတယ်။ ဒါကြောင့် ငါးလုပ်ငန်းရဲ့ နယ်ပယ်အသီးသီးက အရောင်းအဝယ်လုပ်ကိုင်သူတွေ အဆင်ပြေနေပါတယ်” ဟု မအူပင်မြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာဝင်းက ပြောပြသည်။

မအူပင်မြို့နယ်မှ ထွက်ရှိသည့် ငါးခေါင်းပွငါးများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်နှင့် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ထိုသို့တင်ပို့ရောင်းချမှုအားကောင်းမွန်ခြင်းကြောင့် မွေးမြူရေးလုပ်ငန်းရှင်များ မွေးမြူရေးလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကောင်းမွန်လာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News