Local News

ပန်းတော်ပြင်ကျေးရွာ၌ မိုးနှမ်းစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

Last Updated:

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အထက်မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာတွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး နှမ်းသီးနှံများကို မိုးနှမ်းနှင့် ဆောင်းနှမ်းဟူ၍ နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် မိုးနှမ်းစိုက်ဧက ၈၅၀ စိုက်ပျိုးထားရှိကြောင်း၊ မေလတွင် စတင်စိုက်ပျိုးပြီး ဩဂုတ်လတွင် ရိတ်သိမ်းကြောင်း သိရသည်။ မျိုးအနေဖြင့် နှမ်း နီမျိုးစိုက်ပျိုးပြီး ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကာ တစ်ဧကလျှင် နှမ်းမျိုးနှစ်ပြည်ခွဲခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် နှမ်းခင်းအတွင်း မြက်ပေါင်းရှင်းခအပေါ်မူတည်၍ တစ်ဧကလျှင် ငွေကျပ် ၃၅၀၀၀၀-၅၀၀၀၀၀ ကုန်ကျပြီး တစ်ဧကလျှင် ၁၂ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် နှမ်းနီတစ်တင်းလျှင် ငွေကျပ် ၁၁၅၀၀၀ ဖြင့် ရောင်းချရပြီး အကျိုးအမြတ် အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ရှစ်သိန်းမှ ၁၀ သိန်းခန့်အထိ ရရှိကြောင်း သိရသည်။

ပြည်တွင်း ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ကြောင်း၊ ပြည်ပဈေးကွက် အနေဖြင့် ရန်ကုန်မြို့မှတစ်ဆင့် တရုတ်နှင့် ကိုရီးယားနိုင်ငံတို့သို့ တင်ပို့ကြောင်း၊ ပြည်တွင်းစားသုံးမှုမြင့်မားပြီး ပြည်ပဝယ်လိုအားကောင်း၍ ဈေးကွက်ခိုမာမှုရှိသော နှမ်းသီးနှံ များ ယခုနှစ်တွင် ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် နှမ်းစိုက်တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News