ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ဓနိချပ်ရေ အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ငပုတောမြို့နယ် ဓနိရောင်းဝယ်ရေးပွဲရုံပိုင်ရှင်ဒေါ်ဇာဇာက ပြောပြသည်။ ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း ဓနိချပ်ရေ ၄၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တစ်လအတွင်း ဓနိချပ်ရေ ၇၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသသည် ဓနိထွက်သည့်ဒေသဖြစ်ပြီး ထွက်ရှိလာသည့် ဓနိချပ်များကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း သိရသည်။ “ငပုတောမြို့နယ်မှ ဓနိစိုက်ပျိုးရေးလုပ်ငန်းကတော့ ဒေသခံတွေအတွက် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ ရန်ကုန်ဈေးကွက်က ဓနိဝယ်ယူအားကောင်းခဲ့တဲ့အတွက် ဒေသခံဓနိစိုက်ပျိုးရေးလုပ်ငန်းရှင်တွေ၊ ဓနိထိုးလုပ်သားတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ အဆင်ပြေလာပါတယ်” ဟု ငပုတောမြို့နယ် ဓနိရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာဇာက ပြောပြသည်။ ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တစ်လအတွင်း တင်ပို့ရောင်းချခဲ့သည့် ဓနိချပ်ရေ ၁၀၀ လျှင် ငွေကျပ် ၁၉၅၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဓနိချပ်များ ဝယ်ယူအားကောင်းခဲ့ခြင်းကြောင့် ဓနိစိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ ဓနိထိုးလုပ်သားများ ဓနိပွဲရုံပိုင်ရှင်များအဆင်ပြေလျက်ရှိကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ