ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း မျှင်ငါးပိ ပိဿာချိန် ၈၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆွေဆွေက ပြောပြသည်။ လပွတ္တာမြို့နယ်မှ ဒေသထွက်မျှငါးပိများကို ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက မျှင်ငါးပိ ပိဿာချိန် ၆၀၀၀၀ ထိသာ တင်ပို့ရောင်ချနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တစ်လအတွင်း မျှင်ငါးပိ ပိဿာချိန် ၈၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသထွက် မျှင်ငါးပိ တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ဒေသထွက်မျှင်ငါးပိတွေကို ရန်ကုန်ဈေးကွက်နဲ့ တခြားဒေသတွေကို တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မျှင်ငါးပိ ပိဿာချိန် ၈၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ အခုလို မျှင်ငါးပိတွေ အရောင်းအဝယ်ကောင်းလာတော့ လုပ်ငန်းရှင်တွေအပြင် လုပ်သားတွေပါ အလုပ်အကိုင် အဆင်ပြေလာပါတယ်” ဟု လပွတ္တာမြို့နယ် ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဆွေဆွေက ပြောပြသည်။ လပွတ္တာမြို့နယ်တွင် ရေထွက်ကုန်ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင်များသည် ဒေသခံရေလုပ်သားများက ပင်လယ်ပြင်မှ ရရှိသောမျှင်ကောင်များကို ဝယ်ယူပြီး အသင့်စားသုံးနိုင်သော မျှင်ငါးပိအဖြစ်ထုတ်လုပ်ရောင်းချခြင်းဖြစ်ကြောင်း လပွတ္တာမြို့နယ် ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဆွေဆွေထံမှ သိရသည်။
Source: ရတနာပုံသတင်းစာ