International News

တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှုကို ၅% ခန့်တိုးတက်ရန် မျှော်မှန်းထား

Last Updated:

ယခုသီတင်းပတ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်အတွက် နှစ်စဉ်တိုးတက်မှုနှုန်းကို ၅% ခန့် သတ်မှတ်မည်ဟု မျှော်မှန်းကြောင်း၊ ယင်းသည် ပြင်းထန်သော စီးပွားရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် အစိုးရအတွက် အလွန်မြင့်မားသည့် ရည်မှန်းချက် တစ်ခုဖြစ်ကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားပါသည်။ လာမည့်ပြည်သူ့ညီလာခံနှစ်ပတ်လည် အစည်းအဝေးနှင့်ပတ်သက်၍ စီးပွားရေးပညာရှင် ၂၇ ဦးကို Bloomberg က စစ်တမ်း ကောက်ယူထားရာ အားလုံးနီးပါးက ပေကျင်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ရည်မှန်းချက်အတိုင်းချမှတ်မည်ဟုမျှော်လင့်ရပြီး ယခုအကြိမ်သည် ရည်မှန်းချက်ပြည့်မီရန် ပိုမိုခက်ခဲမည်ဖြစ်ကြောင်း၊ စီးပွားရေးပညာရှင်များ၏ သီးခြားစစ်တမ်းတွင်မူ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၄ ခုနှစ်တွင် ၄.၆% ခန့် တိုးတက်လာမည်ဟု မျှော်မှန်းထားကြပါသည်။

ဝန်ကြီးချုပ်လီချန်က ပြည်တွင်းအသားတင် ထုတ်လုပ်မှုတိုးတက်ရေးနှင့် ဘဏ္ဍာရေးလိုငွေပြမှုအပါအဝင် အဓိကကျသော စီးပွားရေးမျှော်မှန်းချက်များ ဖော်ပြထားသည့် ၎င်း၏ ပထမဆုံးအစိုးရ အစီရင်ခံစာကို အင်္ဂါနေ့တွင် ထုတ်ပြန်ရန်ရှိပြီး အဆိုပါ မျှော်မှန်းချက်များသည် ယုံကြည်မှုလျော့ကျနေသော ပေကျင်း၏ တစ်နှစ်အတွင်းဆောင်ရွက်ရမည့် မူဝါဒများ၏ ရှေ့ပြေးအစီအစဉ်လည်း ဖြစ်လာနိုင်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါအလွန် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ပြီးနောက် ပြန်လည်ထူထောင်ရေးအတွက် အကျိုးအမြတ်များ ရရှိခဲ့သော်လည်း  စွန့်စားရမှုများ ပိုမိုတွေ့ကြုံရသောကြောင့် ယခုနှစ်တွင် အထောက်အပံ့များကို မမှီခိုလိုကြောင်းနှင့် ၂၀၂၃ ခုနှစ်၏ တိုးတက်မှုနှင့်နှိုင်းယှဉ်ပါက ယခုနှစ်သည် ပိုမိုပြင်းထန်မည်ဖြစ်ကြောင်း ထိပ်တန်းတာဝန်ရှိသူများက အရိပ်အမြွက်ပြသခဲ့သည်။

“မတ်လတွင် ကျင်းပပြုလုပ်မည့် ပြည်သူ့ညီလာခံနှစ်ခုမှ စီးပွားရေးပြန်လည်နလန်ထူစေရေး အဓိကကျသော မူဝါဒချမှတ်ရန် မျှော်လင့်နေကြပြီး မူဝါဒချမှတ်သူများ၏ မြင့်မားသော ရည်မှန်းချက်များသည် စွမ်းဆောင်ရည်ပိုလျှံမှုနှင့် အိမ်ခြံမြေဈေးကွက် ကျဆင်းမှုတို့အကြား အောင်မြင်မည်မဟုတ်ကြောင်း” ကို မလေးရှားအခြေစိုက် Maybank မှ စီးပွားရေးပညာရှင် Erica Tay က စစ်တမ်းတစ်ခု ၌ ပြောကြားခဲ့ပါသည်။

Bloomberg စစ်တမ်းအရ တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း ငွေချေးစာချုပ်သစ် ၂၀%ကျော် တိုးမြင့်ရောင်းချခဲ့မှုကြောင့် ဂျီဒီပီ၏ ၃.၂၈ % သည် ဘဏ္ဍာရေးလိုငွေပြနိုင်ကြောင်း၊ ပြည်နယ်အစိုးရ၏ ငွေချေးစာချုပ်များ ရောင်းချမှုပမာဏသည် ပြောင်းလဲမှုမရှိဘဲ ယွမ် ၄ ထရီလီယံ (အမေရိကန် ဒေါ်လာ ၅၅၆ ဘီလီယံ) ရှိကြောင်းနှင့် မြို့ပြရှိ အလုပ်လက်မဲ့နှုန်းမှာ ၅.၅ % ခန့်မှန်းကြောင်း ဖော်ပြထားပါသည်။

သမ္မတရှင်ကျင့်ဖျင်အစိုးရအဖွဲ့သည် အိမ်ခြံမြေအကျပ်အတည်းနှင့် ငွေကြေးတန်ဖိုးကျဆင်းမှုအပါအဝင် ပြဿနာများစွာနှင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါသည်။ မကြာသေးမီကရရှိသော အချက်အလက်များအရ ကမ္ဘာ့နံပါတ် ၂ စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် အိမ်ရောင်းအား ဆက်တိုက်ကျဆင်းမှု၊ ၅ လအတွင်း စက်ရုံလုပ်ငန်းများ ဆက်တိုက်ကျဆင်းခဲ့ခြင်းတို့ရှိသော်လည်း ပိတ်ရက်ရှည်အတွင်း ခရီးသွားလုပ်ငန်းများ ပိုမိုမြင့်တက်လာသည်ကိုတွေ့ရှိရကြောင်း Bloombery သတင်းစာတွင်ဖော်ပြထားပါသည်။

Source: https://www.bloomberg.com/news/articles/2024-03-04/china-expected-to-target-gdp-growth-of-around-5-in-2024

Source: https://commerce.gov.mm

Category: International News