Local News

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလတွင် ငါးခူ ပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလတွင် ငါးခူပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ကျိုက်လတ်မြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုလှိုင်က ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇန်နဝါရီလက ငါးခူပိဿာချိန် ၅၂၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေ‌ဖော်ဝါရီလ ၁ ရက်နေ့မှ ၂၉ ရက်နေ့ထိ ငါးခူပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါ ငါးခူများ တင်ပို့ရောင်းချမှုကောင်းလာသည့်အတွက် ရေလုပ်ငန်းလုပ်ကိုင်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ငါးခူ ပိဿာချိန် ၇၀၀၀၀ ကျော် တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်ကနေ ဝယ်ယူမှုအပေါ်မူတည်ပြီး တင်ပို့ရောင်းချနေပါတယ်။ လက်ရှိအချိန်က ဒေသမှာငါးခူတွေ ထွက်ရှိနေတဲ့အချိန်ပေါ့။ ငါးခူက ပြည်တွင်းမှာကို စားသုံးမှုများတဲ့ငါးဖြစ်ပါတယ်။ အရောင်းအဝယ်ကောင်းခဲ့ပေမဲ့ ဈေးကတော့ပုံမှန်အခြေအနေမှာပဲ ရှိနေပါတယ်။ ကျိုက်လတ်မြို့နယ်က ရေထွက်ကုန်တွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်သို့ တင်ပို့တာပါ” ဟု ကျိုက်လတ်မြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုလှိုင်က ပြောပြသည်။

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချသည့် ငါးခူ ၁၀ ပိဿာလျှင် ငွေကျပ် ၁၂၅၀၀၀ မှ ၁၃၀၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါ ငါးခူများကို စနစ်တကျထုပ်ပိုးပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးခူများဝယ်ယူမှုကောင်းလာသည့်အတွက် ငါးခူမွေးမြူသူများ၊ ကုန်သည်များ၊ ရေလုပ်သားများ၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိလာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News