International News

အိန္ဒိယနိုင်ငံ၌ ကုလားပဲအား အကောက်ခွန်လွတ် တင်သွင်းခွင့်ပြုပြီး စားတော်ပဲ တင်သွင်းခွင့် ကာလကို သက်တမ်းတိုးမြှင့်

Last Updated:

ပြည်တွင်းဈေးကွက်၌ ပဲမျိုးစုံဈေးနှုန်းများ ကျဆင်းမည့် လက္ခဏာမရှိသည့် အခြေအနေတွင် အိန္ဒိယအစိုးရသည် ရောင်းလိုအားမြှင့်တင်ရေး ဆောင်ရွက်ချက်အဖြစ် ကုလားပဲတင်သွင်းမှုအပေါ် အခွန်ကောက်ခံခြင်းကို ဖယ်ရှားခဲ့သည့်အပြင် စားတော်ပဲများအား တင်သွင်းခွင့်ပြုသည့် ကာလကိုလည်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံတွင် ကုလားပဲတင်သွင်းမှုအပေါ် စည်းကြပ်သတ်မှတ်ထားသည့် ပုံမှန်အခွန်နှုန်းထားမှာ ၆၆ ရာခိုင်နှုန်းဖြစ်သည်။ ၃-၅-၂၀၂၄ ရက်နေ့၊ သောကြာနေ့ညပိုင်း၌ အိန္ဒိယဘဏ္ဍာရေး ဝန်ကြီးဌာနက နိုင်ငံတော်ပြန်တမ်းမှတစ်ဆင့် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာတွင် ကုလားပဲတင်သွင်းမှုအပေါ် ကောက်ခံသည့် သွင်းကုန်အခွန်အား သုညရာခိုင်နှုန်းအထိ လျော့ချမှုသည် ၄-၅-၂၀၂၄ နေ့မှစတင် အကျိုး သက်ရောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အိန္ဒိယအစိုးရသည် ဧပြီလအစောပိုင်းတွင် ကုလားပဲ၏နေရာ၌ အစားထိုးသုံးစွဲနိုင်သည့် စားတော်ပဲများအား အကောက်ခွန်လွတ် တင်သွင်းခွင့်ကို ၂ လ တိုးမြှင့်လျက် ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ သက်တမ်းတိုးထားခဲ့သည်။ ပြည်တွင်းထုတ်လုပ်မှုမှ အထွက်လျော့နည်းနိုင်ခြေရှိသည့်အလျောက် အစိုးရသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၌ ကုလားပဲများ အကောက်ခွန်လွတ် တင်သွင်းခွင့်ကို ၃၁-၃-၂၀၂၄ နေ့အထိ ခွင့်ပြုခဲ့ပြီး ထိုသို့ တင်သွင်းခွင့်ကာလကို ဧပြီလ ၃၀ ရက်နေ့အထိ ဆက်လက်သက်တမ်းတိုးပေးခဲ့သည်။

ကုလားပဲ စိုက်ဧက လျော့ကျမှုအရ ထုတ်လုပ်မှုပမာဏသည်လည်း လိုက်ပါကျဆင်းသဖြင့် အိန္ဒိယနိုင်ငံ အလယ်ပိုင်းရှိ အဓိကစိုက်ပျိုးသော နယ်မြေဒေသများတွင် ကုလားပဲ လက်ကားဈေး နှုန်းများမှာ အစိုးရကသတ်မှတ်သည့် အခြေခံရည်ညွှန်းဈေးနှုန်းဖြစ်သော ၁ ကွင်တယ် (၁၀၀ ကီလို ဂရမ်) လျှင် ရူပီး ၅၄၄၀ နှုန်းကို ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကျော်လွန်၍ ရောင်းဝယ် လျက်ရှိသည်။ အစိုးရ၏ ဒုတိယအကြိမ် သီးနှံအထွက်ခန့်မှန်းချက်အရ ကုလားပဲစိုက်ပျိုး ထုတ်လုပ်မှုသည် ယခင်နှစ်ထွက်ရှိမှု တန်ချိန် ၁၂၂.၆၇ သိန်းမှ အနည်းငယ်လျော့ကျလျက် ၂၀၂၃-၂၄ ခုနှစ် သီးနှံရာသီတွင် တန်ချိန် ၁၂၁.၆၁ သိန်းခန့် ထွက်ရှိနိုင်မည်ဖြစ်သည်။

ကုလားပဲ၏ ဈေးနှုန်းများမြင့်တက်သည့်လမ်းကြောင်းသို့ ရောက်ရှိမှုသည် အစိုးရ‌အေဂျင်စီများအတွက် အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် အရန်သိုလှောင်ထားရှိရန် ဝယ်ယူရေးဆောင်ရွက်ရာ၌ အခက်အခဲဖြစ်ပေါ်စေလျက်ရှိသည်။ အမျိုးသား လယ်ယာထွက်ကုန်ဈေးကွက်မြှင့်တင်ရေး သမဝါယမအသင်းချုပ် လီမိတက် (NAFED) ၏ အချက်အလက်စင်္ကြန်တွင် ဖော်ပြချက်အရ လက်ရှိရာသီ၌ အရန်ရိက္ခာ ကုလားပဲဝယ်ယူနိုင်မှုမှာ တန်ချိန် ၇၆၅ တန်သာရှိကြောင်း သိရှိရသည်။

ယခုနောက်ဆုံး မူဝါဒပြောင်းလဲမှုသည် ကောင်းမွန်သော လုပ်ဆောင်ချက်မဖြစ်နိုင်ပဲ ရုရှား၊ ကနေဒါနှင့် ဩစတေးလျနိုင်ငံများရှိ တောင်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များကိုသာ အထောက်အပံ့ပြုမည်ဖြစ်ကြောင်း၊ ဈေးနှုန်းသက်သာသောကုန်များ တင်သွင်းမှုသည် အိန္ဒိယနိုင်ငံလယ်သမားများ၏ အကျိုးစီးပွားနှင့် အနာဂတ် သီးနှံစိုက်ပျိုးမှုတို့ကို ထိခိုက်လိမ့်မည်ဖြစ်ကြောင်း၊ ကုန်တင်သွင်းမှုမှာ ပြဿနာမဟုတ်သော်လည်း အစိုးရအနေဖြင့် စားတော်ပဲတင်သွင်းမှုအပေါ် အခွန်စည်းကြပ်သင့်ကြောင်း၊ သို့မှသာ ၎င်း၏ ဆိပ်ကမ်းအရောက် ကုန်ကျမှုစရိတ်သည် ကုလားပဲအတွက် သတ်မှတ်ထားသော အခြေခံရည်ညွှန်းဈေးနှုန်းနှင့် နီးကပ်မှုရှိမည်ဖြစ်ကြောင်းဖြင့် အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း၏ ဥက္ကဋ္ဌ Bimal Kothari က ပြောကြားခဲ့သည်။

Mr. Kothari ၏ ပြောဆိုမှုအရ ရုရှား၊ ကနေဒါနှင့် အချို့သောဥရောပနိုင်ငံများ၌ စားတော်ပဲ စိုက်ပျိုးထုတ်လုပ်မှုသည် ရှေ့လာမည့် ဇူလိုင်လမှစတင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ပြီး စုစုပေါင်း တန်ချိန် ၉ သန်းခန့် ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း၊ ဇွန်လကုန်အထိ စားတော်ပဲ တန်ချိန် ၁.၈ သန်း ခန့် တင်သွင်းမှုရှိမည်ဟု အိန္ဒိယနိုင်ငံပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်းက ခန့်မှန်းထားပြီး သီးနှံရာသီအသစ်မှ ထွက်ပေါ်သော ကုန်စည်များကို ပိုမိုတင်သွင်းဖွယ်ရှိနိုင်ကြောင်း သိရှိရသည်။

သွင်းကုန်အပေါ် အခွန်စည်းကြပ်မှုကို အစိုးရက ဖြေလျော့ခဲ့အပြီးတွင် ဩစတေးလျမှ အိန္ဒိယနိုင်ငံသို့ ကုလားပဲတင်ပို့မှုမှာ တန်ချိန် ၁.၅ သိန်းမှ ၂ သိန်းခန့်ရှိလာနိုင်ကြောင်း၊ ဩစတေးလျနိုင်ငံ၌ ကုလားပဲ သီးနှံအသစ်သည် နိုဝင်ဘာလတွင် ထွက်ပေါ်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံပြည်တွင်း၌ ကုလားပဲ စတင်စိုက်ပျိုးမည့်ကာလနှင့် တိုက်ဆိုင်နေသဖြင့် အိန္ဒိယနိုင်ငံတောင်သူများ၏ စိုက်ပျိုးလုပ်ကိုင်လိုမှုအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း Mr. Kothari က ပြောကြားခဲ့သည်။ Igrain India ကုမ္ပဏီမှ လုပ်ငန်းရှင် Rahul Chauhan ကလည်း ကုလားပဲတင်သွင်းမှုအပေါ် အခွန်လျှော့ချခြင်းမှာ ကြိုဆိုရမည့် အချက်ဖြစ်သော်လည်း ကာလကြာရှည်စွာ ဈေးကောင်းရရှိနေခဲ့သော တောင်သူများ၏ အမြင်တွင် ကောင်းမွန်မှုမရှိကြောင်း၊ ပြည်တွင်း၌ ကုလားပဲစိုက်ပျိုးထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းခန့်သည် ဈေးကွက်အတွင်းသို့ ရောက်ရှိပြီးဖြစ်ရာ ကျန်ရှိသောပမာဏကို သိုလှောင်ထားရှိသူများ အပေါ်တွင်သာ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အိန္ဒိယနိုင်ငံသည် တန်ဇန်နီးယားကဲ့သို့သော ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံများထံမှ ကုလားပဲများကို အခွန်နှုန်းထား သုညရာခိုင်နှုန်းအထိလျှော့ချ၍ တင်သွင်းခဲ့ချိန်၌ ဩစတေးလျကဲ့သို့ ကုလားပဲ အဓိကစိုက်ပျိုးထုတ်လုပ်သူများသည် အိန္ဒိယဈေးကွက်သို့ တင်ပို့နိုင်စွမ်း ကင်းမဲ့နေခဲ့ရသည်။ အိန္ဒိယနိုင်ငံ၏ ကုလားပဲတင်သွင်းမှုမှာ ၂၀၂၂-၂၃ ခုနှစ်၌ တင်သွင်းခဲ့သော တန်ချိန် ၅၉၂၅၅ တန်ထက် နှစ်ဆကျော်ပိုမိုလျက် ၂၀၂၃-၂၄  ခုနှစ်တွင် တန်ချိန် ၁.၄၉ သိန်းခန့်ရှိခဲ့ကြောင်း သိရှိရသည်။

Source: The Hindu Business Line, 4 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News