Local News

“မိုးချည်မျှင်ရှည်ဝါများ စတင်ထွက်ပေါ်လျက်ရှိ”

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ရာသီအလိုက်သီးနှံများကိုလည်းစိုက်ပျိုးလျက်ရှိရာ ဝါသီးနှံကိုလည်းစိုက်ပျိုးကြပါသည်။ ခရိုင်အတွင်း  မိုးချည်မျှင်ရှည်ဝါစိုက်ဧကစုစုပေါင်း (၁၃၃၉၇) ဧကစိုက်ပျိုးထားရှိခဲ့ရာ ကျောက်ဆည်မြို့နယ်တွင် (၅၁၈၂) ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၁၆၉) ဧက၊ မြစ်သားမြို့နယ်တွင် (၆၅၂၄) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ သြဂုတ်လဆန်းပိုင်းမှစတင်၍ ဝါများစတင်ထွက်ရှိနေပြီဖြစ်ကြောင်း၊ မြစ်သားမြို့နယ်တွင် (၃၃၀) ဧကနှင့် စဉ့်ကိုင်မြို့နယ်တွင် (၁၉၀) ဧကထွက်ရှိပြီဖြစ်ကြောင်း၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ (၁) ဧကအထွက်နှုန်းအနေဖြင့် ပိဿာ (၄၀၀-၅၀၀) ထွက်ရှိကြောင်း၊ မိုးဝါများကို ဧပြီလနှင့် မေလများတွင်စိုက်ပျိုးခဲ့ရာ ယခုသြဂုတ်လဆန်းပိုင်းတွင် စတင်ထွက်ရှိခဲ့ခြင်းဖြစ်ပါသည်။ ဝါစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-) ကျပ်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး (၂၅-၃၀) ရက်အကြာတွင် ပန်းစတင်ဝင်ပြီး ဝါပေါက်ရန်အတွက် ပန်းစပွင့်ပြီး ရက် (၅၀-၆၀) အကြာတွင် ဝါများရင့်မှည့်ကာ စတင်ကောက်ယူခူးဆွတ်၍ရကြောင်း၊ စိုက်ပျိုးပြီး ၃ လအကြာတွင် စတင်ထွက်ရှိခြင်းဖြစ်ပါသည်။ ဝါအရည်အသွေးကောင်းမွန်ရန်အတွက် ရင့်မှည့်ပြီးသီးနှံခြောက်မှ ကောက်ရန်လိုအပ်ကြောင်း၊ သို့မှသာ အရည်အသွေးကောင်းမွန်သော ဝါများရမည်ဖြစ်ကြောင်း၊ ယခင်နှစ်မိုးဝါထွက်ရှိချိန်တွင် ဝါတစ်ပိဿာလျှင် (၃၃၀၀/-) ကျပ်၊ ဂွမ်းတစ်ပိဿာလျှင် (၇၃၀၀/-) ကျပ်၊ ဝါစေ့တစ်ပိဿာလျှင် (၁၄၀၀/-) ကျပ်စျေးနှုန်းများရှိခဲ့ပြီး ယခုလက်ရှိ မိုးဝါ(အသစ်) စျေးနှုန်းအနေဖြင့် ဝါတစ်ပိဿာလျှင် (၃၃၀၀/-)ကျပ်၊ ဂွမ်းတစ်ပိဿာလျှင် (၈၃၀၀/-) ကျပ်၊ ဝါစေ့တစ်ပိဿာလျှင် (၁၆၀၀/-) ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး ဂွမ်းနှင့်ဝါများကို ချည်မျှင်စက်ရုံနှင့်ရက်ကန်းရုံများမှ လာရောက်ဝယ်ယူကြကြောင်း၊ ယခုနှစ်ဝါစိုက်ပျိုးမှုတွင် အကျိုးအမြတ်ဖြစ်ထွန်းကြောင်း၊ ဝါအများဆုံးစိုက်ပျိုးသော ဒိုင်းနှင့် မြနဒီကျေးရွာများမှ တောင်သူများ၏ပြောကြားချက်အရသိရှိရပါသည်။   

Source: https://www.doca.gov.mm

Category: Local News