Local News

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်၌ ကီလိုမာလကာသီးနှံစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရ

Last Updated:

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အထက်မင်းလှမြို့နယ်ရှိ ကျေးရွာများ၌ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိပြီး မြေအမျိုးအစားအရွေးဖြစ်ထွန်းအောင်မြင်ပြီး စိုက်ပျိုးရန်လွယ်ကူသော နှစ်ရှည်ပင်သီးနှံတစ်မျိုးဖြစ်သည့် ကီလိုမာလကာသီးနှံကို ပန်းတော်ပြင်ကျေးရွာတွင် ဥယျာဉ်ခြံမြေများနှင့် ယာမြေများ၌ စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။ မျိုးအနေဖြင့် ကီလိုမာလကာကိုင်းကူးပျိုးပင်များကို အစိုဓာတ်ကောင်းမွန်စွာရရှိသည့် ဇွန်လနှင့် ဇူလိုင်လတို့တွင် အများဆုံးစိုက်ပျိုးကြပြီး မြေအောက်ရေကို အသုံးပြု၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ပင်ခြား ၁၁ ပေ၊ တန်းခြား ၁၂ ပေ အကွာအဝေးဖြင့် တစ်ဧကလျှင် ကီလိုမာလကာပင် ၃၀၀ ခန့် စိုက်ပျိုးရပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် သိန်း ၆၀ ခန့် ကုန်ကျကြောင်း၊ ကိုင်းကူးကီလိုမာလကာပင်မှာ စိုက်ပျိုးပြီး ခြောက်လခန့်အကြာတွင် အသီးများကို စတင်ခူးဆွတ်ရောင်းချနိုင်ပြီး တစ်နှစ်လျှင် လေးကြိမ် ခူးဆွတ်ရကြောင်း၊ မြေအနေအထားနှင့် အပင်ဖြစ်ထွန်းအောင်မြင်မှု၊ အပင်သက်တမ်းတို့အပေါ်မူတည်၍ တစ်ကြိမ်လျှင် ကီလိုမာလကာပင် တစ်ပင်အတွက် ပျမ်းမျှအလုံးရေ ၃၀-၄၀ ထွက်ရှိရာ တစ်နှစ်လျှင် တစ်ဧက ပျမ်းမျှအလုံးရေ ၃၆၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် သရက်-မင်းလှ ကားလမ်းဘေးရှိ သစ်သီးဆိုင်များနှင့် မင်းလှမြို့ ဇေယျာသီရိဈေးသို့ ရောင်းချရကြောင်း ကီလိုမာလကာစိုက် တောင်သူ တစ်ဦးထံမှ သိရှိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News