Local News

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း မနောသုခစပါးတင်းရေ ၇၃၅၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း မနောသုခစပါးတင်းရေ ၇၃၅၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ထက်ထက်ခိုင်က ပြောပြ၍ သိရသည်။ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်းက မနောသုခစပါးတင်းရေ ၅၇၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်ထိ တစ်လအတွင်း မနောသုခစပါးတင်းရေး ၇၃၅၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “နိုဝင်ဘာလအတွင်း မနောသုခစပါးတွေ ကို ရန်ကုန်ဈေးကွက်ကို အဓိက တင်ပို့ရောင်းချခဲ့ပါတယ်။ ဓနုဖြူမြို့နယ်ကနေ လယ်ယာထွက်ကုန်တွေကို ရန်ကုန် ဈေးကွက်ကို အများဆုံး တင်ပို့ရောင်းချနေပါတယ်။ မနောသုခစပါးက အကြမ်းအုပ်စုထဲမှာပါတဲ့ စပါးအမျိုးအစားဖြစ်ပါတယ်။ အဲ့ဒီစပါးတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများနေလို့ တင်ပို့မှုကောင်းခဲ့တာ ဖြစ်ပါတယ်။ မနောသုခစပါးအမျိုးအစားကို ရန်ကုန်ဈေးကွက်က အခုလထဲမှာ အများအပြားဝယ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ စပါးတွေကို ကုန်းလမ်းနဲ့ ရေလမ်း နှစ်မျိုးနှင့် တင်ပို့ရောင်းချနေပါတယ်” ဟု ဓနုဖြူမြို့နယ်မှ ဆန်စပါး ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ထက်ထက်ခိုင်က ပြောပြသည်။ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း တင်ပို့ရောင်းချခဲ့သည့် မနောသုခစပါးတင်းရေ ၁၀၀ လျှင် ငွေကျပ် ၂၁၀၀၀၀၀ ထိ ဈေးပေါက်နေ ကြောင်း၊ အဆိုပါစပါးများ အရောင်းအဝယ်ကောင်းလာသည့်အတွက် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချ လုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိနေကြောင်း ဓနုဖြူမြို့နယ်မှ ဆန်စပါး ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ထက်ထက်ခိုင်က ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ                        

Category: Local News