Local News

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငါးသလဲထိုးအများအပြားတင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငါးသလဲထိုးပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်လဲ့လဲ့က ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ငါးသလဲထိုး ပိဿာချိန် ၅၃၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ငါးသလဲထိုး ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ ငါးသလဲထိုး တစ်ပိဿာလျှင် ငွေကျပ် ၁၈၅၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ဖျာပုံမြို့နယ်ကနေ ပြီးခဲ့တဲ့ဇန်နဝါရီလထဲမှာ ငါးသလဲထိုးတွေအပါအဝင် အခြားရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ပါတယ်။ ငါးသလဲထိုးကိုတော့ အများဆုံးတင်ပို့ရောင်းချခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်ကိုပဲ ရေထွက်ကုန်တွေကို အဓိကတင်ပို့ရောင်းချနေပါတယ်။ ဒေသထွက် ရေထွက်ကုန်တွေထဲက ငါးသလဲထိုးကို လက်ရှိလဲရန်ကုန်ဈေးကွက်က မှာယူနေသလို နောက်ထပ်လဲ မှာယူနေပါတယ်။ ကုန်ချိန်အများအပြားတင်ပို့ရတော့ ရေလုပ်သားတွေနဲ့ ငါးအရောင်းအဝယ် လုပ်ကိုင်သူတွေ အဆင်ပြေနေပါတယ်” ဟု ဖျာပုံမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်လဲ့လဲ့က ပြောပြသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးသလဲထိုးများအပါအဝင် ဒေသရေထွက်ကုန်များကို တင်ပို့ရောင်းချနေသည့်အတွက် ကုန်တင်ယာဉ် အငှားလိုက်သူများ၊ ရေလုပ်ငန်းလုပ်ကိုင်သူများ၊ ကုန်တင်ကုန်ချလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေနေကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News