ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ငါးတန်ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပန်းတနော်မြို့နယ် ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နိုင်မော်က ပြောပြသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း ငါးတန်ပိဿာချိန် ၆၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ ၃၁ ရက်နေ့ထိ ငါးတန်ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ငါးတန်ပိဿာချိန် ၇၇၀၀၀ ထိ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ပန်းတနော်မြို့နယ်ကနေတဲ့ ငါးတန်တွေ ရန်ကုန်ဈေး ကွက်ကို တင်ပို့ရောင်းချခဲ့ပါတယ်။ ငါးတန်က ပြည်တွင်းဈေးကွက်မှာကို အရောင်းအဝယ်ကောင်းနေပါတယ်။ တင်ပို့အားကောင်းလာတော့ ငါးတန်လုပ်ငန်း လုပ်ကိုင်သူတွေ အဆင်ပြေလာပါတယ်” ဟု သိရသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ငါးတန် ၁၀ ပိဿာလျှင် ငွေကျပ် ၁၁၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ငါးတန်များကို ရန်ကုန်ဈေးကွက်သို့ ပိုမိုတင်ပို့ ရောင်းချရခြင်းကြောင့် ငါးတန်မွေးမြူရေးလုပ်ငန်းရှင်များ၊ ငါးရောင်းဝယ်ရေးကုန်သည်များ၊ ငါးကန်လုပ်သားများ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း ပန်းတနော်မြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နိုင်မော်ထံမှ သိရှိရသည်။
Source: ရတနာပုံသတင်းစာ