ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ကွမ်းသီးအစိမ်းအလုံးရေ ၈၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ်ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးသက်က ပြောပြသည်။ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက ကွမ်းသီးအစိမ်းအလုံးရေ ၅၇၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်ထိ ကွမ်းသီးအစိမ်းအလုံးရေ ၈၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ကွမ်းသီးအစိမ်းအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၉၅၀၀ ထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။ “ပြည်ပဈေးကွက်က အမှာကုန်များလာလို့ ရန်ကုန်ဈေးကွက်ကို ကုန်အများအပြားတင်ပို့နေရတာဖြစ်တယ်။ လက်ရှိ ကွမ်းသီးအစိမ်းအလုံးရေ ၁၀၀ ကို ငွေကျပ် ၉၅၀၀ ထိ ဈေးပေါက်နေတယ်။ ရန်ကုန်ဈေးကွက်ကို ကွမ်းသီးအစိမ်းတွေ ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေ အလုပ် အကိုင်အခွင့်အလမ်းကောင်းနေပါတယ်” ဟု ဓနုဖြူမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးသက်က ပြောပြသည်။ ဓနုဖြူမြို့နယ်ကထွက်ရှိသည့် ကွမ်းသီးအစိမ်းများကို ကုန်သည်များက ဝယ်ယူပြီး စနစ်တကျရွေးချယ်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်ဈေးကွက်မှ တစ်ဆင့် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဓနုဖြူမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးသက်ထံ မှ သိရသည်။
Source: ရတနာပုံ သတင်းစာ