Local News

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း နှစ်လခွဲစပါးတင်းရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း နှစ်လခွဲစပါးတင်းရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပန်းတနော်မြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝေဝေခိုင်က ပြောပြသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတစ်လအတွင်း နှစ်လခွဲစပါး အမျိုးအစားတင်းရေ ၅၂၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း နှစ်လခွဲစပါးအမျိုးအစားတင်းရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ဒီဇင်ဘာလအတွင်း နှစ်လခွဲစပါးတင်းရေ ၇၅၀၀၀ ထိ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ရပါတယ်။ ဒီဘက်ကနေ စပါးတွေ၊ ဆန်တွေနဲ့ အခြားလယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အများဆုံး တင်ပို့ရောင်းချပါတယ်။ အဲဒီစပါးတွေကို ရန်ကုန်ဈေးကွက်ကဝယ်ယူမှုများနေလို့ အရောင်းအဝယ်ကောင်းခဲ့တာဖြစ်ပါတယ်။ နှစ်လခွဲစပါးအမျိုးအစားကို ရန်ကုန်ဈေးကွက်က အခုလထဲမှာလဲအများအပြားဝယ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ အခြားစပါးတွေနဲ့ ယှဉ်ရင် ပြီးခဲ့တဲ့ တစ်လအတွင်းမှာကော လတ်တလောအနေနဲ့ပါ နှစ်လခွဲစပါးအမျိုးအစားက အရောင်းအဝယ်ပိုဖြစ်နေပါတယ်” ဟု ပန်းတနော်မြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝေဝေခိုင်က ပြောပြသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း တင်ပို့ရောင်းချခဲ့သည့် နှစ်လခွဲစပါးအမျိုးအစားတင်းရေ ၁၀၀ လျှင် ငွေကျပ် ၁၆၅၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ နှစ်လခွဲစပါးများ အရောင်းအဝယ်ကောင်းမွန်လာသည့်အတွက် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သည့် လုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်းရရှိလျက်ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ                        

Category: Local News