Local News

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလတစ်လတာကာလအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန် ၁၀၀ ကျော် တင်ပို့ထား

Last Updated:

      ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလတစ်လတာကာလအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန် ၁၀၀ ကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၅ သန်းရရှိခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားလုပ်ငန်းဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်၏ ပြောကြားချက်အရ သိရသည်။ “၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှာ ထိုင်းနိုင်ငံကို ပျားရည်မက်ထရစ်တန် ၆၀ ဒသမ ၃ တန်တင်ပို့ပြီး ဂျပန်နိုင်ငံကို ပျားရည် မက်ထရစ်တန် ၄၀ ဒသမ ၁၁ တန်တင်ပို့ခဲ့ပါတယ်။ စုစုပေါင်း ပျားရည်မက်ထရစ်တန် ၁၀၀ ဒသမ ၄၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ  သုည  ဒသမ  ၁၅သန်းရရှိထားပါတယ်” ဟု ဦးမျိုးတင့်က ပြောသည်။

      ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလတွင် ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သို့ ပုဂ္ဂလိကကဏ္ဍမှ ပျားရည်တင်ပို့မှုအနေဖြင့် ပုံမှန်တင်ပို့မှုမှ မက်ထရစ်တန် ၁၀၀ ဒသမ ၄၁ တန်တင်ပို့ရာ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၅ သန်းရရှိထားသည်။ ပြည်တွင်း၌ ပျားရည်ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ လိုက်ချီးပျားရည်ဟူ၍ ထုတ်လုပ်လျက်ရှိပြီး ဇွန်လတွင် နှမ်းပျားရည် စတင်ရရှိမည် ဖြစ်ကြောင်း၊ ပျားရည်များကို ပြည်တွင်း၌ဆေးဝါးအဖြစ် အသုံးပြုမှုများပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် နိုင်ငံခြားဝင်ငွေရရှိကြောင်း၊ ပျားရည်ကို ပြည်ပနိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ တရုတ်(တိုင်ပေ)၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သို့ တင်ပို့ရောင်းချလေ့ရှိကြောင်း သိရသည်။       

Source: https://www.myawady.net.mm
 

Category: Local News