Local News

အမြတ်အစွန်းအနည်းငယ်ဖြင့် ရောင်းချနေသည့် နာမည်ကြီးဇီးချိုင်မျှင်ငပိ

Last Updated:

ငပိအမျိုးအစားများစွာရှိသည့်အနက်မှ  ဇီးချိုင်မျှင်ငပိလို့ပြောလိုက်လျှင် ဧရာဝတီတိုင်းဒေသကြီး၏ ထင်ရှားသောဘုရားတစ်ဆူဖြစ်သည့် မြတ်မော်တင်စွန်းဘုရားပွဲကျင်းပရာနေရာ တစ်ခုလည်းဖြစ်သလို ဘုရားဖူးခရီးသည်များ အနားယူအပန်းဖြေစရာကမ်းခြေတစ်ခုဖြစ်သည့် ငွေတောင်ကမ်းခြေတည်ရှိရာ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာမှပြုလုပ်သော မျှင်ငပိဆိုဆိုလျှင် လူအများက သိကြပေသည်။

မျှင်ငပိတွင် ဂေါ်ရာ၊ တိမ်ခိုး၊ ဘန့်ဘွေး ဟူ၍ မျှင်အမျိုးအစား (၃)မျိုးရှိပါသည်။ ၎င်းမျှင်အမျိုး အစား (၃) မျိုးအနက်မှ ဘန့်ဘွေးမျှင်မှာ ပန်းနုရောင်အဆင်းရှိ၍ ငပိအသားမှာ နူးညံ့ချောမွေ့၍ အရသာကောင်းမွန်သောကြောင့် အကောင်းဆုံးမျှင်အမျိုးအစားဖြစ်သည်။ ဇီးချိုင်မျှင်ငပိမှာ အကောင်းစား ဘန့်ဘွေးမျှင်ဖြင့် ပြုလုပ်ထားသောကြောင့် ငပိအသားမှာ နူးညံ့ချောမွေ့ခြင်း၊ ဆိုးဆေးမပါဘဲ သဘာဝအတိုင်းပန်းနုရောင်ရှိခြင်း၊ အရသာကောင်းမွန်ခြင်း၊ ခေတ်မှီစက်ပစ္စည်းများကို အသုံးမပြုပဲ  သဘာဝနည်းလမ်းဖြင့်ပြုလုပ်ထားသောကြောင့် လူသိများပါသည်။

အကောင်းစားမျှင်ငပိထွက်ရှိရာ ဇီးချိုင်မှာတော့ ယခင်နှစ်များနှင့်မတူဘဲ ယခုနှစ်တွင် မျှင်ငပိဈေးနှုန်း  မြင့်တက်လျှက်ရှိကြောင်း  ကြားသိရပါသည်။ မျှင်ငပိဝယ်ယူတင်ပို့ရောင်းချ သူများ အနေဖြင့် ယခင်နှစ်များကမျှင် ၁ တင်းလျှင် ကျပ် ၄၀၀၀၀/- မှ ကျပ် ၅၀၀၀၀/- အထိသာ ပေးဝယ်ရပြီး ၊ ငပိ ၁ ပိသာလျှင် ဒေသတွင်းပေါက်ဈေး သုံးထပ်ထောင်း ကျပ် ၇၀၀၀/-  ၊ လေးထပ်ထောင်း (အသင့်စားအိုးသိပ်) ကျပ် ၉၀၀၀/-  အထိသာရှိပြီး  အခြားဒေသမှ  ဝယ်ယူစားသုံးသူများအနေဖြင့်   အများဆုံးဈေးနှုန်း   ကျပ် ၁၃၀၀၀/-  အထိသာရှိခဲ့ပါသည်။

ယခုနှစ် တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ ဈေးနှုန်းများမြင့်တက်မှု၊ ဆက်စပ်သုံးစွဲရသည့် ကုန်ပစ္စည်းဈေးနှုန်းများမြင့်တက်မှု၊ မျှင်အရ နည်းပါးမှုတို့ကြောင့် မျှင် ၁ တင်းလျှင် ကျပ် ၇၅၀၀၀/- အထိ  ပေးဝယ်ရပြီး၊ ငပိ ၁ ပိဿာလျှင် ဒေသတွင်းပေါက်ဈေး သုံးထပ်ထောင်းကျပ် ၁၂၀၀၀/- မှ ကျပ် ၁၃၀၀၀/- ၊ လေးထပ်ထောင်း (အသင့်စားအိုးသိပ်) ကျပ် ၁၆၀၀၀/- မှ ကျပ် ၁၈၀၀၀/- အထိရှိကြောင်း၊  အခြားဒေသမှ ဝယ်ယူသုံးစွဲသူများအနေဖြင့် ကျပ် ၂၀၀၀၀/- ကျော်အထိ ဝယ်ယူသုံးစွဲရသည့်အတွက် စားသုံးသူများအနေဖြင့် ယခင်နှစ်များ ကလောက် အများအပြား မဝယ်ယူနိုင်ပဲ အနည်းငယ်သာ ဝယ်ယူသုံးစွဲကြသည့်အတွက် ယခင်နှစ်များကလောက် အရောင်းအဝယ်မကောင်းကြောင်း၊ ငပိဈေးနှုန်း မြင့်တက်နေသော်လည်း အမြတ်အစွန်းအနည်းငယ်သာ ရရှိကြောင်း ဒေသခံမျှင်ငပိ ဝယ်ယူတင်ပို့ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News