Local News

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ချင်းပိဿာချိန် ၆၅၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ချင်းပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့နိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ဌေးက ပြောပြ၍ သိရသည်။ ဓနုဖြူမြို့နယ်တွင် ပြီးခဲ့သည့်မတ်လအတွင်း ချင်းပိဿာချိန် ၄၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ တစ်လအတွင်း ချင်းပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါချင်းများ တင်ပို့ရောင်းချအားတက်ခဲ့သည့်အတွက် ချင်းစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေနေကြောင်း သိရသည်။ “ ပြီးခဲ့တဲ့ တစ်လအတွင်း ချင်းပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ တင်ပို့အားကောင်းလာတော့ စိုက်ပျိုးရေးလုပ်ငန်းလုပ်တဲ့သူတွေ အဆင်ပြေလာတာတွေ့ရပါတယ်။ အခုလို ချင်းတင်ပို့အား ကောင်းလာတာကလဲ ပြည်တွင်းဈေးကွက်မှာကို ချင်းက အဝယ်ကောင်းနေလို့ဖြစ်ပါတယ်။ ဒေသထွက်ချင်းတွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချပါတယ်။ ဒီဘက်ဒေသတွေက ချင်းကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးတဲ့သူတွေ များပါတယ်။ အခြားဒေသတွေလောက် အများကြီးမထွက်ပေမဲ့ ပုံမှန်ထွက်ရှိနေပါတယ်” ဟု ဓနုဖြူမြို့နယ်လယ်ယာထွက်ကုန် ရောင်းဝယ်ရေးပွဲပိုင်ရှင် ဒေါ်ခင်ဌေးက‌ ပြောပြသည်။ ဓနုဖြူမြို့နယ်တွင် ဒေသခံတောင်သူမျာသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ယှဉ်တွဲပြီး ချင်းစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း၊ အဆိုပါချင်းတစ်ပိဿာလျှင် ‌ငွေကျပ် ၈၀၀၀ ထိ ဈေးရှိကြောင်း၊ ချင်းများတင်ပို့ရောင်းချမှုအားကောင်းလာသည့်အတွက် ချင်းများကို ထပ်မံတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News