Local News

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၌ ပဲတီစိမ်းသီးနှံ စိုက်ပျိုးထားရှိမှုနှင့် ဈေးနှုန်းဈေးကွက်

Last Updated:

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ကျေးရွာများတွင် နှမ်း၊ မြေပဲ၊ ဆန်စပါး၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်းသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ပဲတီစိမ်း အများဆုံး စိုက်ပျိုးလျက်ရှိသည့် ငွေလေး၊ ကွင်း၊ ဖန်ခါးပင်၊ စစ်တလင်း စသည့်ကျေးရွာများတွင် စိုက်ပျိုး ဧကပေါင်း ၂၅၀ ဧကခန့် စိုက်ပျိုးထားပါသည်။ ပဲတီစိမ်းသီးနှံကို ဩဂုတ်လနောက်ဆုံးပတ်နှင့် စက်တင်ဘာလ၊ ပထမပတ်တွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် ရိတ်သိမ်းကြကြောင်း၊ မျိုးစေ့အနေဖြင့် ပဲတီစိမ်း(ကျောက်စိမ်း)ကို အများဆုံး စိုက်ပျိုး ကြကြောင်း၊ တစ်ဧကလျှင် မျိုးစေ့  ၉ ပြည်ခန့် ကုန်ကျပြီး ထွန်ကြောင်းဆွဲ၍ ကြဲပက်စနစ်ဖြင့် စိုက်ပျိုး ရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၅၀၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ၁၈-၂၀ တင်းခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ပဲတီစိမ်းသီးနှံ ပေါ်စအချိန်တွင် တစ်တင်းလျှင် ငွေကျပ် ၅၅,၀၀၀-၆၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်ဧကလျှင် ငွေကျပ် ၇၀၀,၀၀၀ ခန့် အမြတ်ရရှိကြောင်း သိရသည်။ အောက်တိုဘာလ၊ ပထမပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် ငွေကျပ် ၆၀,၀၀၀-၆၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့နှင့် မကွေးမြို့ပေါ်ရှိ ပွဲရုံ များသို့ ရောင်းချကြပြီး ထိုမှတစ်ဆင့်  ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်တွင် ပဲတီစိမ်း သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အထွက်နှုန်းကောင်းမွန်၍ ဈေးကောင်းရရှိပါက အကျိုးအမြတ် များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပဲတီစိမ်းစိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။

Source: ကြေးမုံသတင်းစာ

Category: Local News