Local News

ရှမ်းခရမ်းချဥ်သီး ဝယ်လိုအား‌ ကောင်းလာလို့ စျေးပြန်တက်လာ

Last Updated:

ရှမ်းပြည်နယ်ထွက် ခရမ်းချဉ်သီးစျေးကွက် ပြန်တက်လာပြီး အောင်ပန်းကုန်စိမ်းစျေးကွက်မှာတင် တစ်ပိဿာကို ၁၉၀၀ ကျပ်အထိ မြင့်တက်လာတယ်လို့ ကုန်စိမ်းပွဲရုံများထံမှ သိရပါတယ်။လက်ရှိ ရှမ်းခရမ်းချဉ်သီးကို နယ်စုံကနေ ဝယ်လိုအားရှိလာတဲ့အပြင် ယခုချိန်က ရှမ်းပြည်နယ်ကသာခရမ်းချဉ်သီး အများဆုံးထွက်ရှိနေတာကြောင့် ခရမ်းချဉ်သီးအသေး၊ အကြီးဆိုဒ်စုံစျေးတက်လာနေတာဖြစ်တယ်လို့သိရပါတယ်။

"အရင်စျေးကျတယ်ဆိုတာအဝယ်ကလည်းမရှိ၊ နယ်စုံကလည်း ခရမ်းချဉ်တွေပေါ်တော့စျေးကထိုးကျတာပေါ့၊ အခုကျ ရှမ်းကနေ အဝယ်လိုက်ပြီး စျေးကတက်လာတာ၊ အလုံးချောရင်ချောတဲ့စျေး၊ သေးတာကအသေးစျေးပေါ့၊ အကုန်အရောင်းအဝယ်သွက်တယ်"လို့ အောင်ပန်းကုန်စိမ်းပွဲရုံပိုင်ရှင်တစ်ဦးကပြောပါတယ်။ ရှမ်းခရမ်းချဉ်သီးကို နယ်စုံကမှာယူတဲ့အထဲမှာ ဧရာဝတီတိုင်းကအများဆုံးဝယ်ယူမှုရှိပြီး လမ်းပန်းဆက်သွယ်ရေးလည်းကောင်းတာကြောင့် အများဆုံး ပို့ဆောင်ပေးနေရတယ်လို့သိရပါတယ်

မေလ ၁၄ ရက်နေ့၊ ရှမ်းပြည်နယ် ခရမ်းချဉ်သီးစျေးကွက်မှာ ခရမ်းချဉ်သီး ဂွတ်ရှယ်သီး တစ်ပိဿာ ၁၉၀၀ ကျပ်၊ ခရမ်းချဉ်သီး ရှယ်သီးတစ်ပိဿာ ၁၇၀၀ ကျပ်၊ ခရမ်းချဉ်သီးအသေးဆုံး တစ်ပိဿာ ၁၅၀၀ ကျပ်အထိရှိလာပါတယ်။ မေလ ၁ ရက်နေ့က ခရမ်းချဉ်သီး ဂွတ်ရှယ်သီး တစ်ပိဿာ ၁၂၀၀ ကျပ်၊ ခရမ်းချဉ်သီး ရှယ်သီးတစ်ပိဿာ ၁၀၀၀ ကျပ်၊ ခရမ်းချဉ်သီးအသေးဆုံး တစ်ပိဿာ ၈၀၀ ကျပ်သာရှိလို့ တစ်ပိဿာ ကို ၇၀၀ ကျပ်တက်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ခရမ်းချဉ်သီးတွေနယ်စုံကနေထွက်ရှိချိန်မှာ ရှမ်းပြည်ထွက်ခရမ်းချဉ်သီးတွေ တစ်ပိဿာကို ၁၀၀ ကျပ်သာ ပေါက်‌ဈေးရှိခဲ့ပြီး ၀ယ်သူမရှိလို့ နွားကျွေးရတဲ့အထိ စျေးကွက်ပျောက်ခဲ့ရပါတယ်။

Source: AMIA

Source: Awba

Category: Local News