ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း တီလားဗီးယားငါးပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ကေသီထွန်းက ပြောပြသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း တီလားဗီးယားငါးပိဿာချိန် ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ တီလားဗီးယားငါးပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ တီလားဗီးယားငါး တစ်ပိဿာလျှင် ငွေကျပ် ၁၄၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ဖျာပုံမြို့နယ်ကနေ တီလားဗီးယားငါးတွေကို ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ ဧပြီလအတွင်း တီလားဗီးယားငါး ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ မေလထဲမှာလဲ ပိဿာချိန်တော်တော်များများ တင်ပို့ရောင်းချနေရပါတယ်။ အခုလို တီလားဗီးယားငါးတွေ အရောင်းအဝယ်ကောင်းလာတော့ ငါးလုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး အဆင်ပြေလာတယ်” ဟု ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေသီထွန်းက ပြောပြသည်။ ဖျာပုံမြို့နယ်တွင် တီလားဗီးယားငါးများအပါအဝင် ရေထွက်ကုန်ပစ္စည်းများကို ပွဲရုံပိုင်ရှင်များက စနစ်တကျထုပ်ပိုးပြီး ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်ဈေးကွက်မှ တစ်ဆင့်အခြားဒေသများကို ဆက်လက်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ