ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း နှံကားစပါးတင်းရေ ၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ရေကြည်မြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စန်းစန်းမော်က ပြောပြ၍ သိရသည်။ ရေကြည်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်းက နှံကားစပါးတင်းရေ ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ နှံကားစပါးတင်းရေ ၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ နှံကားစပါးတင်းရေ ၁၀၀ လျှင် ငွေကျပ် ၁၅၅၀၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါ နှံကားစပါးများ အရောင်းအဝယ်ကောင်းလာခြင်းသည် ရန်ကုန်ဈေးကွက်နှင့် ပုသိမ်ဈေးကွက်က ဝယ်ယူမှုအားကောင်းနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ “ရေကြည်မြို့နယ်က လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်နဲ့ ပုသိမ်ဈေးကွက်ကို အဓိကထားတင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ မတ်လကထက် ဧပြီလမှာ နှံကားစပါးတင်းရေ ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိ မေလထဲမှာလဲ နှံကားစပါးကို အများအပြားဝယ်ယူဖို့ ကမ်းလှမ်းထားပါတယ်။ အခုလိုစပါးတွေ၊ ဆန်တွေ အရောင်းအဝယ်ကောင်းလာတော့ တောင်သူတွေ ဆန်စပါး အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး အဆင်ပြေလာပါတယ်” ဟု ရေကြည်မြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စန်းစန်းမော်က ပြောပြသည်။ ရေကြည်မြို့နယ်တွင် နှံကားစပါးအပါအဝင် လယ်ယာထွက်ကုန်ပစ္စည်းများကို လုပ်ငန်းရှင်များက စနစ်တကျထုပ်ပိုးပြီး ရန်ကုန်ဈေးကွက်နှင့် ပုသိမ်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ ထိုသို့ နှံကားစပါးများ အရောင်းအဝယ်ကောင်းလာခြင်းကြောင့် တောင်သူများ၊ ဆန်စပါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ၊ ကုန်တင်ကုန်ချလုပ်သားများ အဆင်ပြေကြကြောင်း ရေကြည်မြို့နယ် ဆန်စပါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်စန်းစန်းမော်က ပြောပြ၍ သိရသည်။
Source: ရတနာပုံသတင်းစာ