Local News

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ငါးစည်ဖောင်းခြောက် ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ငါးစည်ဖောင်းခြောက် ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ပင်လယ်ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီတာက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်းက ငါးစည်ဖောင်းခြောက် ပိဿာချိန် ၅၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ တစ်လအတွင်း ငါးစည်ဖောင်းခြောက် ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ငါးစည်ဖောင်းခြောက်တွေကို ရန်ကုန်ဈေးကွက်က နိုဝင်ဘာလ ပထမပတ်က စတင်ပြီး ဝယ်လိုအားကောင်းမွန်ခဲ့တာပါ။ ရန်ကုန်ဘက်ကလဲ ငါးစည်ဖောင်းခြောက်တွေကို စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေမှာ စားသုံးသူများတော့ အရောင်းအဝယ်တော်တော်ဖြစ်တာပါ။ ဒေသထွက်ငါးစည် ဖောင်းခြောက်တွေ အပါအဝင် ဒေသထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်သို့ အဓိကထား တင်ပို့ရောင်းချနေတာ ဖြစ်ပါ တယ်” ဟု ဒေါ်သီတာက ပြောပြသည်။ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ငါးစည်ဖောင်းခြောက်တစ်ပိဿာ ဈေးနှုန်းသည် ငါးရွှေစည်ဖောင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၈၈၀၀၀၊ နတ်ကတော် ငါးစည်ဖောင်းခြောက် တစ် ပိဿာလျှင် ငွေကျပ် ၇၉၀၀၀၊ ငါးရောင်စည်ဖောင်းခြောက်တစ်ပိဿာလျှင် ငွေကျပ် ၃၀၅၀၀ မှ ၃၄၅၀၀၊ ငါးပုတ်သင် စည်ဖောင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀၀ စသည့် စည်ဖောင်းစခြောက်အကြီး၊ အသေးအပေါ်မူတည်ပြီး ဈေးအနိမ့်အမြင့် ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ                        

Category: Local News