ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ဆန်ကွဲ ၂၄ ပြည်ဝင် အိတ်ရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးမြတ်သူက ပြောပြ၍ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း က ဆန်ကွဲ ၂၄ ပြည်ဝင်အိတ်ရေ ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ တစ်လအတွင်း ဆန်ကွဲ ၂၄ ပြည်ဝင် အိတ်ရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသထွက် ဆန်ကွဲများကို ရန်ကုန်ဈေးကွက်မှ ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရသည်။ “ဆန်ကွဲတွေကို ရန်ကုန်ဈေးကွက်ဘက်ကို အဓိက တင်ပို့ရောင်းချပါတယ်။ ဒီဘက်ကနေ ဆန်ကွဲအိတ်တွေ အပါအဝင် ကုန်စည်တွေကို ကုန်တင်ကားတွေနဲ့ တင်ပို့ရောင်း ချတာများပါတယ်။ ဆန်ကွဲတွေ နိုဝင်ဘာလရဲ့ ပထမပတ်လောက်ကနေ စတင်ပြီး ဝယ်လိုအားက သိသိသာသာ တက်ခဲ့တာဖြစ်ပါတယ်။ ဆန်ကွဲတွေကို ပွဲရုံလုပ်ငန်းရှင်တွေက အဆက်မပြတ် တင်ပို့ရောင်းချနေတယ်။ အခုလို အခက်အခဲမရှိ အဆင်ပြေပြေတင်ပို့ရောင်းချနေရလို့ ကုန်သည်တွေပါအဆင်ပြေပါတယ်။ ဆန်ကွဲအရည်အသွေးတော့ ကောင်းဖို့ လိုအပ်ပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးမြတ်သူက ပြေပြ သည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ဆန်ကွဲ ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေ ကျပ် ၄၆၅၀၀ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ဆန်ကွဲ တင်ပို့ရောင်းချအား တက်လာခြင်းကြောင့် ဆန်စပါးရောင်းဝယ်ရေး ကုန်သည်များ၊ ဆန်စပါးရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ကားအငှားလိုက်သူများ အဆင်ပြေနေကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးမြတ်သူက ပြောပြ၍ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ