Local News

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ခုံးစိမ်းပိဿာချိန် အများအပြား တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်းက ခုံးစိမ်းပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်မိုးမြင့်က ပြောပြသည်။ လပွတ္တာမြို့နယ်တွင် သဘာဝအတိုင်း ဖမ်းယူရရှိသည့် ခုံးစိမ်းများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းက ခုံးစိမ်းပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေ‌ဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ ခုံးစိမ်းပိဿာချိန် ၈၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ခုံးစိမ်းများကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရသည်။ “‌ဒေသကထွက်ရှိတဲ့ ခုံးစိမ်းတွေ အဝယ်လိုက်နေပါတယ်။ ပြည်တွင်းဈေးကွက်မှာကို အရောင်းအဝယ်ကောင်းမွန်နေပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ခုံးစိမ်းတွေ အရောင်းအဝယ်ကောင်းခဲ့ပါတယ်။ အရင်လတွေကထက် ကုန်ချိန်တွေလဲ ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ လပွတ္တာမြို့နယ်ဘက်က ငါးတွေ၊ ပုစွန်တွေ၊ ကဏန်းတွေအပြင် ခုံးစိမ်းကိုသဘာဝအတိုင်း ရှာဖွေဖမ်းယူရရှိကြတာဖြစ်ပါတယ်။ ဒေသထွက် ခုံးစိမ်းတွေကို လပွတ္တာမြို့နယ်ကနေတစ်ဆင့် ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်။ ခုံးစိမ်းတွေ အရောင်းအဝယ်ကောင်းမွန်လာတော့ ရေလုပ်သားတွေ၊ ကုန်သည်တွေအလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိနေပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မိုးမြင့်က ပြောပြသည်။ လပွတ္တာမြို့နယ်တွင် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ငါးအမျိုးမျိုး၊ ပုစွန်အမျိုးမျိုး၊ ကဏန်းများအပြင် ခုံးစိမ်းများကို ရေလုပ်သားများထံမှဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News