ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ငါးသလဲထိုး ပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်ချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်ထွေးက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလ တစ်လအတွင်း ငါးသလဲထိုးပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ တစ်လအတွင်း ငါးသလဲထိုးပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ငါးသလဲထိုး တစ်ပိဿာလျှင် ငွေကျပ် ၂၁၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။ “ပြီးခဲ့တဲ့လထဲမှာ ဘိုကလေးမြို့နယ်ကနေ ငါးသလဲထိုးတွေအပါအဝင် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ထဲကို တင်ပို့ရောင်းချခဲ့ပါတယ်။ ရေထွက်ကုန်တွေထဲက ငါးသလဲထိုးပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်ကိုပဲ ရေထွက်ကုန်တွေကို အဓိကတင်ပို့ရောင်းချနေတာပါ။ ဒေသထွက် ရေထွက်ကုန်တွေထဲက ငါးသလဲထိုးကို လက်ရှိလဲ ရန်ကုန်ဈေးကွက်ကမှာယူနေသလို နောက်ထပ်လဲ မှာယူနေပါတယ်။ ကုန်ချိန်အများအပြား တင်ပို့ရတော့ လုပ်သားတွေ ငါးအရောင်းအဝယ်နဲ့ အဆင်ပြေနေပါတယ်” ဟု ဘိုကလေးမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်ထွေးက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးသလဲထိုးများအပါအဝင် ရေထွက်ကုန်များတင်ပို့အားကောင်းလာသည့်အတွက် ကုန်တင်ယာဉ် အငှားလိုက်လုပ်ငန်း၊ ရေလုပ်သားများ၊ ကုန်ထမ်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေနေကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ