Local News

ကျိုက်လတ်မြို့နယ်မှထွက်ရှိသည့် စိန်တလုံးသရက်သီးများ အရောင်းသွက်နေ

Last Updated:

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှထွက်ရှိသည့် စိန်တလုံးသရက်သီးများ အရောင်းသွက်နေကြောင်း ကျိုက်လတ်မြို့နယ် သစ်သီးစုံရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်ဆွေဆွေသန်းက ပြောပြ၍ သိရသည်။

     ကျိုက်လတ်မြို့နယ်မှ ထွက်ရှိသည့် ဒေသထွက်စိန်တလုံးသရက်သီးများကို ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး စိန်တလုံးသရက်သီးများကို ရန်ကုန်မြို့မှ ဝယ်ယူမှုအားကောင်းလာခြင်းကြောင့် ဈေးကောင်းရရှိလာခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် မတ်လနှင့် ဧပြီလက တစ်ရက်လျှင် စိန်တလုံးသရက်သီးအလုံးရေ ၁၀၀ ပါသည့် ဖာရေ ၁၅၀၀ ထိသာ တင်ပို့ရောင်းချခဲ့ရပြီး မေ ၁ ရက်မှ ယနေ့(မေ ၁၆) ရက်အထိ တစ်ရက်လျှင် သရက်သီးအလုံးရေ ၁၀၀ ပါသည့် ဖာရေ ၃၅၀၀ ထိ တင်ပို့ရောင်းချနေရကြောင်း တစ်ဖာလျှင် ငွေကျပ် ၃၇၀၀၀ ဈေးရှိကြောင်း သိရသည်။

      “ကျိုက်လတ်မြို့နယ်က အဓိကဈေးကွက်က ရန်ကုန်ပါ။ အခုဒေသထွက် စိန်တလုံးသရက်သီးအလုံးရေ ၁၀၀ ထိပါတဲ့ ဖာရေ ၃၅၀၀ ထိတင်ပို့ရောင်းချနေရပါတယ်။ အခုနှစ် စိန်တလုံးသရက်သီးက ပြည်ပဈေးကွက်ရှိလာတာနဲ့ ပြည်တွင်းသရက် အထွက်နည်းနေတာကြောင့် ဝယ်ယူမှုလဲ တအားကောင်းနေတယ်။ လက်ရှိ အဝယ်လိုက်ပြီး ဈေးကောင်းလဲရနေပါတယ်။ ဝယ်ယူမှုအားကောင်းလာတာကြောင့် သရက်စိုက်ပျိုးရေးလုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေပါ အဆင်ပြေပါတယ်” ဟု ဒေါ်ဆွေဆွေသန်းက ပြောပြသည်။

      ကျိုက်လတ်မြို့နယ်တွင် ဒေသထွက် စိန်တလုံးသရက်သီးများကို သရက်စိုက်ပျိုးရေးတောင်သူများထံမှ သစ်သီးပွဲရုံလုပ်ငန်းရှင်များ၊ သရက်ရောင်းဝယ်ရေးလုပ်ငန်းရှင်ကဝယ်ယူကာ ရန်ကုန်မြို့မှတစ်ဆင့် စင်ကာပူနှင့်ထိုင်းနိုင်ငံတို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါဒေသတွင် စိန်တလုံးသရက်သီးအပြင် ရင်ကွဲ၊ မချစ်စု၊ ရွှေဟင်္သာစသည့် သရက်သီးအမျိုးအစားများကို စိုက်ပျိုးကြကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News