Local News

ဆောင်းနှမ်းများ ရေလွမ်း ခံရသောကြောင့် နှမ်းစျေးများ မြင့်တက်လာ

Last Updated:
      လက်ရှိဖြစ်ပေါ်နေသည့် မုန့်တိုင်းကြောင့် တချို့ဒေသများတွင် ဆောင်းနှမ်းများရေလွမ်းခံရ၍ ပျက်စီးခဲ့သောကြောင့် နှမ်းလက်ကျန်နည်းကာ နှမ်းစျေးများမြင့်တက်လာ ကြောင်းသိရသည်။ ထို့အပြင် မိုးနှမ်းစိုက်ခြင်းကိုလည်း ဇွန်လမှသာ စိုက်ပျိုးကြမည်ဖြစ်၍ နှမ်းစျေးကွက်တွင် နှမ်းလက်ကျန်နည်းနေပြီး အက်စစ်အောင်သည့် နှမ်းရှာကာ စျေးနှုန်း မြင့်တက်ခြင်း ဖြစ်ကြောင်းသိရသည်။ “ဆင်ဖြူကျွန်း၊ စလင်းဘက်က နယ်တွေက နှမ်းခင်းကျယ်ပြန့်တယ်။ အဲ့ဒီမှာက မိုးကအရမ်းရွာလိုက်တော့ ဆောင်းနှမ်းတွေရေတွေဝင်ကုန်ပြီး ပျက်ကုန်လို့ စျေးတက်နေတယ်။ ရေဝင်တော့ အရည်သွေးနိမ့်တယ်။ ဒါကြောင့် စျေးကွက်မှာ အဓိက အရောင်းသွားနေတာက အက်စစ်အောင်တဲ့ နှမ်းတွေပါ။ နှမ်းကို အက်စစ်ပါမပါစစ်ပြီးမှ အရောင်းဝယ်လုပ်ကြတယ်"ဟု အောင်လံမြို့မှ နှမ်းကုန်သည် ဦးအောင်မိုး ကပြောသည်။
         ရာသီဥတုဖောက်ပြန်ကာ မိုးများဆက်တိုက်သလို့ ရွာသွန်းနေခြင်းကြောင့် မိုးမိပြီး နှမ်းအတွင်းရေဝင်ကာ နှမ်းအထွက်နှုန်းအပြင် နှမ်းအရည်အသွေးပိုင်းလည်း ထိခိုက်ကြောင်း သိရသည်။ ထို့ကြောင့် ဈေးကွက်အတွင်း နှမ်းဝယ်သူများအနေဖြင့် နှမ်းအတွင်းအက်စစ်ဓာတ်ပါဝင်မှုကို တိုင်းတာပြီးမှ ဝယ်ယူခြင်းများသာရှိကြောင်း သိရသည်။  ယခင် နှမ်းနက် ၄၅ ပိသာ၀င် တစ်အိတ် ကို နှစ်သိန်းငါးသောင်း ပေါက်စျေး သာရှိ ခဲ့ရာမှ ယခုလျှင် အက်စစ်အောင်သည့် နှမ်း ၄၅ ပိသာ၀င် တစ်အိတ်ကို မန္တလေးတွင် သုံးသိန်းနှစ်သောင်း ထိရှိပြီးအက်စစ်မအောင်သည့် နှမ်း ၄၅ ပိသာ၀င် လျှင်ယခင်က ၂ သိန်း ၅ သောင်းမှ ယခု ၂ သိန်း ၉ သောင်း ထိ ပေါက်စျေးရှိကြောင်း သိရသည်။
          လက်ရှိ ပြည်တွင်းနှမ်းကို တရုတ်နယ်စပ်ဂိတ်မျာ မှ တဆင့် ပုံမှန်တင်ပို့ နေရခြင်း ဖြစ်ပြီးအဝယ်အနည်းငယ်သာရှိကြောင်းသိရသည်။ “ဂျပန်နိုင်ငံက သိပ်အဝယ်မရှိဘူး၊ တရုတ်ပဲသွားနေတယ်။ နယ်စပ်ဘက်ကပဲသွားနေတယ်။ မန္တလေးကုန်သည်တွေက ကြိုဝယ်တဲ့သဘောပါ။ ဟိုဘက် demand သိပ်မကောင်းသေးပါဘူး”ဟု နှမ်းexporterတစ်ဦး ကပြောသည်။ ပြည်တွင်းနှမ်းများကို တစ်နှစ်လျှင် တရုတ်ဘက်သို့ တန်ချိန် ၃ သိန်းခန့် တင်ပို့လျက်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံမှ မိုးနှမ်းများတွင် ရိတ်သိမ်းချိန် အစိုဓာတ်များသည့်အတွက် အက်စစ်ပါဝင်မူမှာ တစ်ရာခိုင်နှုန်းမှ နှစ်ရာခိုင်နှုန်းအထိ ပါဝင်မူများရှိကြောင်းသိရပြီး လာမည့် မိုးနှမ်းစိုက်ပျိုးချိန် ထိုကဲ့သို့ ပါဝင်မူမရှိရန် ထိန်းသိမ်းစောက်ရှောက်ရန် လိုအပ်ကြောင်း သုံးသပ်ကြသည်။ 
 
        ပြည်တွင်းတွင်းပုံမှန် နှမ်းထွက်ရှိမှုနှုန်းမှာ တစ်နှစ်လျှင် တန်ချိန် ၆ သိန်းမှ ၈ သိန်းထိ ထွက်လေ့ရှိပြီး ရာသီဥတုဖောက်ပြန်မှုကြောင့် နှမ်းသုံးချိုးတချိုးသာ ထွက်ရှိကြောင်း သိရသည်။ မြန်မာ့နှမ်းကို တရုတ်နိုင်ငံ ၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ကိုလည်း တင်ပို့လေ့ရှိပြီး တရုတ်နိုင်ငံ တခုတည်းသာအာထား တင်ပို့နေရကြောင်း ကျန်နိုင်ငံများသို့တင်ပို့ရန် အခက်ခဲများစွာရှိနေကြောင်းလည် သိရသည်။ မြန်မာနိုင်ငံတွင် နှမ်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများအပြား စိုက်ပျိုးလျက်ရှိပြီး မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်မှ ထွက်ရှိသည့် နှမ်းနက်သည် အရည်အသွေးအလွန်ကောင်းမွန်သဖြင့် ဂျပန်နိုင်ငံမှ အလွန်နှစ်သက်ကြောင်းလည်း လေ့လာတွေ့ရှိရ သည်။

Source:  https://t.me/htwettoe

 
 
 
Category: Local News