Local News

နှမ်းနက် (စမုံ) ဈေးမြင့်တက်နေ

Last Updated:

   အောင်လံကုန်စည်ဒိုင်သို့ နှမ်းနက်(စမုံ)များဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုရက်ပိုင်းတွင် ဝယ်လိုအားများလာသည့်အတွက် နှမ်းနက်(စမုံ)ဈေး မြင့်တက်လာသည်။  နှမ်းနက် (စမုံ)စိုက်ပျိုးသည့် တောင်သူများမှာဈေးပိုရရှိနေ၍ အဆင်ပြေလာကြောင်း သိရှိရသည်။ အောင်လံ ဒေသ၏ အဓိကစိုက်ပျိုးထွက်ရှိသည့် နှမ်းနက် (စမုံ)ကို အနီးဝန်းကျင်ရှိ စိုက်ပျိုးထုတ်လုပ်သော ကျေးရွာများမှ ကုန်စည်ဒိုင်သို့လာရောက်၍ ရောင်းချကြသလို အနီးအနားရှိ ပြည်မြို့နယ်မှလည်းလာ ရောက်ရောင်းချကြသည်။

   နှမ်းနက် (စမုံ) သည် ပြည်ပဝယ်လိုအားရှိသည့် သီးနှံဖြစ်သည့်အတွက် အခြားနှမ်းများထက် ဈေးပိုမိုရရှိနေကြောင်း သိရှိရသည်။ ဈေးပိုရရှိနေသည့်အတွက် တောင်သူများမှာ နှမ်းနက်(စမုံ)ကို ယခုနောက်ပိုင်းတွင် တိုးချဲ့စိုက်ပျိုးလာကြသည်။ စိုက်ပျိုးထွက်ရှိရာဒေသမှတဆင့် ရန်ကုန်နှင့် မန္တလေးမြို့ ကြီးများသို့ အမှာရှိပါက တဆင့်တင်ပို့ရောင်းချကြကြောင်း သိရှိရသည်။

   နှမ်းနက်(စမုံ)ဈေးမှာ ယခုတစ်ပတ်တွင် နှမ်းနက်(စမုံ) ၄၅ ပိဿာ ၃ တင်း ဝင်တစ်အိတ် လျင် ၇၄၀၀၀၀ ကျပ်၊ ယခင်တစ်ပတ်တွင် နှမ်းနက်(စမုံ) ၄၅ ပိဿာ ၃ တင်းဝင်တစ်အိတ်လျှင် ၇၁၀၀၀၀ ကျပ်၊    ယခင်လတွင် နှမ်းနက်(စမုံ) ၄၅ ပိဿာ ၃ တင်းဝင်တစ်အိတ်လျှင် ၆၉၀၀၀၀ ကျပ် ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ၃၀၀၀၀ ကျပ်၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ၅၀၀၀၀ ကျပ်ထိ မြင့်တက်လာသည့်အတွက် စိုက်ပျိုးသူတောင်သူများ အဆင်ပြေလျက်ရှိနေကြောင်း သိရှိရသည်။

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News